စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်တော်လှန်တိုက်ခိုက်ရင်း မျက်လုံးနှစ်ဖက်ဆုံးရှုံးလိုက်ရသော ချင်းသူရဲကောင်း တော်လှန်ရေးရဲဘော်များကို Chin Relief Funding Program ချင်းရန်ပုံငွေအဖွဲ့ – တူမီးထီ အစီအစဉ်မှ ဆေးဝါးကုသစရိတ် ဖြည့်ပေးရန် ပြင်ဆင်နေသည်ဟု သိရသည်။
“ကျနော်တို့က တူမီးထီရောင်းပြီးမှ ရရှိတဲ့ဘဏ္ဍာငွေထဲကနေ CJDC ကဘယ်လောက်၊ IDPs ကဘယ်လောက်၊ CDM ကဘယ်လောက်၊ ဒဏ်ရာရရဲဘော်တွေက ဘယ်လောက်ဆိုပြီး ခွဲဝေထားတယ်၊ ဒဏ်ရာရရဲဘော်လို့ပြောတဲ့နေရာမှာ ဒဏ်ရာရရဲဘော်တွေက များတဲ့အခါကျတော့ ပထမသုတ်အနေနဲ့ မျက်လုံးနှစ်ဖက်ဆုံးရှုံးသွားတဲ့ ရဲဘော်တွေရဲ့ ဆေးကုသစရိတ်၊ အခြေခံလိုအပ်ချက်လေးတွေတွက် ကူညီသွားဖို့ရှိတယ်” ဟု ချင်းရန်ပုံငွေအဖွဲ့က တာဝန်ရှိသူက ပြောသည်။
ယခုလက်ရှိတွင် ချင်းတော်လှန်ရေးတပ်ဖွဲ့ထဲမှ မျက်လုံးနှစ်ဖက်ဆုံးရှုံးသူ ၇ ဦးထိရှိပြီး CDF – Matupi တပ်ဖွဲ့က နှစ်ဉီး၊ CNDF တပ်ဖွဲ့က နှစ်ဉီး၊ CDF – Lautu တပ်ဖွဲ့က တစ်ဉီး၊ CDF – KKG တပ်ဖွဲ့က တစ်ဉီးနှင့် ချင်းအမျိုးသားတပ်မတော် CNA က တစ်ဦးတို့ဖြစ်ကြောင်း ချင်းရန်ပုံငွေအဖွဲ့က ပြောသည်။
တော်လှန်ရေးကာလအတွင်း မျက်လုံးနှစ်ဖက်စလုံး ဆုံးရှုံးလိုက်ရသော ချင်းသူရဲကောင်း တော်လှန်ရေးရဲဘော်များ၏စာရင်းကို ဆက်လက်ပြုစုနေပြီး စာရင်းမကျန်ခဲ့ရန် ချင်းရန်ပုံငွေအဖွဲ့ထံသို့ စာရင်းပေးသွင်းကြရန် အသိပေး ဖိတ်ခေါ်လျှက်ရှိသည်။
ချင်းရန်ပုံငွေအဖွဲ့ CRFP အဖွဲ့သည် ချင်းတော်လှန်ရေးတပ်ဖွဲ့များကို တဖက်တလမ်းမှ ဘဏ္ဍာရေးကူညီထောက်ပံ့ပေးရန် ဖွဲ့စည်းထားသည့် အဖွဲ့တစ်ခုဖြစ်ပြီး ယခုလက်ရှိမှာလည်း တူမီးထီအစီစဉ်ဖြင့် ရန်ပုံငွေရှာဖွေပေးလျှက်ရှိသည်။
ယခုဆိုလျှင် တူမီးထီအစီစဉ်သည် အပတ်စဉ် (၃) အထိရောက်ရှိလာပြီး အပတ်စဉ် ၃ တူမီးထီရောင်းရငွေထဲမှ တော်လှန်ရေးရန်ပုံငွေအဖြစ် အမေရိကန်ဒေါ်လာ ၂၅၃၀ ရရှိထားပြီး မကြာမီအချိန်အတွင်း တော်လှန်ရေးအင်အားစုတွေထံ ငွေကြေးလှူဒါန်းမှုများ ဆက်လက်ပြုလုပ်သွားမည်ဟုလည်း ချင်းရန်ပုံငွေအဖွဲ့က ဆိုပါသည်။