(006SV)
ချင်းပြည်နယ်တောင်ပိုင်း၊ ပလက်ဝမြို့နယ်က စစ်ကောင်စီတပ်၏ အထိုင်စခန်းကြီးဖြစ်သော “နှုံးဘူး” ဗျူဟာကုန်း အပြီးသိမ်းပိုက်နိုင်ရေး ယနေ့တွင် တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားနေသည်ဟု ရက္ခိုင်တပ်တော် (AA) က ဒီဇင်ဘာလ ၆ ရက်မှာ သတင်းထုတ်ပြန်သည်။
စစ်ကောင်စီသည် “နှုံးဘူး” ဗျူဟာ မကျရေးအတွက် ယနေ့ မနက်ပိုင်းတွင် ဂျက်လေယာဉ်များ၊ လက်နက်ကြီး ပစ်ကူ အမြောက်အများဖြင့် ခုခံတိုက်ခိုက်နေသည်ဟု သိရသည်။
ရက္ခိုင်တပ်တော် က “နှုံးဘူး” ဗျူဟာကုန်းကို ထိုးစစ်ဆင် တိုက်ခိုက်မှုသည် ယနေ့ ဒီဇင်ဘာလ ၆ ရက်တွင် ၂၃ ရက်အထိ ကြာမြှင့်လာပြီးဖြစ်ကာ အဆိုပါဗျူဟာကုန်းကို သိမ်းပိုက်ရရှိနိုင်ရေး အရှိန်အဟုန်ဖြင့် ထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိသောကြောင့် တိုက်ပွဲမှာ ပြင်းထန်လျက်ရှိသည်ဟု သိရသည်။
“တရွန်အိုင်” ဗျူဟာကုန်း စခန်းကြီးတစ်ခုလုံးကို ၂၁ ရက်ကြာ ထိုးစစ်ဆင်တိုက်ခိုက်ပြီးနောက် ဒီဇင်ဘာလ ၄ ရက်က ရက္ခိုင်တပ်တော် AA က အပြီးသတ်သိမ်းယူထားပြီဖြစ်သည်။
“နှုံးဘူး” နှင့် “တရွန်အိုင်” ဗျူဟာကုန်းတိုက်ပွဲများအတွင်း စစ်ကောင်စီသည် လေကြောင်း၊ လက်နက်ကြီး ပစ်ကူ အများအပြားဖြင့် ခုခံတိုက်ခိုက်နေပြီး Chemical Warfare Agents ဓာတုဓာတ်ငွေ့ ပါသောဗုံးများလည်း အသုံးပြုသည်ဟု AA က ထုတ်ပြန်ထားသည်။
ယင်းဗျူဟာကုန်းတိုက်ပွဲများအတွင်း ချင်းကာကွယ်ရေးတပ်ဖွဲ့တစ်ခုဖြစ်သော မရာနယ်မြေ ဒေသကွယ်ရေးတပ်ဖွဲ့ MDF သည် AA တပ်ဖွဲ့နှင့်အတူ ပူးပေါင်းတိုက်ခိုက်နေသည်ဟု သိရသည်။
ရဟတ်ယာဉ်ကွင်း (၂) ကွင်းပါရှိသော “တရွန်အိုင်ဗျူဟာ” ကုန်းသိမ်းတိုက်ပွဲတွင် ရက္ခိုင်တပ်တော် AA မှလည်း ထိခိုက်ကျဆုံးမှုများ ရှိနေသည်ဟု AA ထံမှ သိရသည်။