04SS
ချင်းပြည်နယ် ဟားခါးမြို့သို့ ဆိုင်ကယ်ဖြင့် ခရီးသွားခဲ့ကြသည့် တီးတိန်မြို့ပေါ်က ဒေသခံပြည်သူ ၂ ဦးသည် ဖလမ်း-ဟားခါးကြားတွင်ပျောက်ဆုံးနေပြီး မိသားစုဝင်များနှင့် အဆက်အသွယ်မရသည်မှာ ၁၀ ကျော်ရှိသွားပြီဟု သိရသည်။
တီးတိန်မြို့၊ လွယ်ဘွာလ်းရပ်ကွက်နေ မကျင်းဟောက်ဝုန် ၃၇ နှစ်နှင့် ဟားခါးမြို့နေ ဦးလျန်းဇထွန်း ၃၂ နှစ်တို့သည် နိုင်ငံကူးလက်မှတ်သက်တမ်းတိုးရန်အတွက် မေလ ၂ ရက်နေ့က ဖလမ်းမြို့မှ ဆိုင်ကယ်တစ်စီးဖြင့် ဟားခါးမြို့သို့ သွားရောက်ခဲ့ကြရာတွင် ယင်းနေ့ညနေပိုင်းကစ၍ ယနေ့ချိန်ထိ အဆက်အသွယ်မရရှိကြတော့ပဲ ပျောက်ဆုံးနေသည့်အတွက် မိသားစုဝင်များက စိုးရိမ်ပူပန်နေကြသည်ဟု ၎င်းတို့နှင့်နီးစပ်သူတစ်ဦးကပြောသည်။
“အခုသူတို့နဲ့ အဆက်အသွယ်မရတာ ဒီနေ့နဲ့ဆို ၁၀ ရက်ရှိပြီ သူမက passport သက်တမ်းတိုးဖို့သွားတာပေါ့နော်။ သူတို့နဲ့အတူရှေ့ကသွားတဲ့ သူတွေကတော့ ဟားခါးရောက်တယ်။ သူ့နဲ့ သူ့ကိုလိုက်ပို့ပေးတဲ့သူတို့က လမ်းပျောက်ကြ တယ် လို့ကြားတယ်။ စစ်သားတွေကို မေးတယ် မသိဘူးတဲ့။ ပြီးတော့ လူငယ်တွေကိုလဲမေးတယ် သူတို့လဲ မသိဘူးလို့ပြောကြတယ်။ အခု ဘယ်လိုရှာရမလဲ မသိတော့ဘူး။ သေလားရှင်လားဆိုတာလဲ မသိရဘူး အရမ်းစိုးရိမ်တယ်။” ဟု ၎င်းကပြောသည်။
လွန်ခဲ့သည့် ရက်အနည်းငယ်က တလန်းရွန်းရွာသစ်အနီး လမ်းဘေးတစ်နေရာတွင် ၎င်းတို့၏ စာရွက်စာတမ်းနှင့် အဝတ်အစားများကို ခရီးသွားများက ကောက်ထားကြပြီး ဟားခါးမြို့ရှိ ၎င်းတို့နှင့် နီးစပ်သူများထံ ပေးအပ်ခဲ့ကြသည်ဟု သိရသည်။
ဖလမ်း-ဟားခါးကားလမ်းမသည် စစ်ကောင်စီတပ်ဖွဲ့နှင့် ချင်းကာကွယ်ရေးတပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားမှုကြောင့် တစ်လနီးပါးခန့် ဖြတ်သန်းသွားလာခွင့်မရှိခဲ့ပေ။
ယခုလက်ရှိတွင် လမ်းလွှဲမှသွားကြရပြီး ၎င်းတို့မှာလည်း လမ်းလွှဲမှသွားရောက်စဉ် စစ်ကာင်စီစခန်းချနေထိုင်သည့် အနီးတစ်ဝိုက်တွင် ပျောက်ဆုံးကြခြင်းဟုလည်း သိရှိရသည်။
၂ နာရီကျော်ကျော်ခန့်သာ သွားရသည့် ဟားခါး-ဖလမ်းခရီးကို ယခုတွင် ဆိုင်ကယ်ဖြင့် သွားရောက်လိုပါက တစ်ယောက်ကို ကျပ် တစ်သိန်းမှ တစ်သိန်းခွဲဖြင့် သွားရောက်နေကြရကြောင်း ဒေသခံများထံမှ သိရသည်။