ချင်းပြည်နယ် ဖလမ်းမြို့ပေါ်တွင်အထိုင်ချထားသော ခလရ ၂၆၈ တပ်ရင်းက ဖလမ်းမြို့နှင့် မိုင် ၂၀ ကျော်ကွာဝေးသော ဘွာလ်ခွါကျေးရွာဘက်ကို ၁၂၂ မမ (122 –Howitzer) အမြောက်ကြီးဖြင့် မတ်လ ၂၉ ရက်နေ့က လှမ်းပစ်ခဲ့သည်ဟု သိရသည်။
“မနေ့ညက ည ၉ နာကျော် ဝန်းကျင်လောက်မှာ ဖြစ်တာ။ စစ်တပ်တွေက လေးကြိမ်ပစ်တာ ရွာထဲတော့ မကျဘူး။ ရွာနားမှာ ကျသွားလို့ တော်သေးတယ်။ အဝေးကြီးကနေ အမြောက်ကြီးနဲ့ပစ်တာဆိုတော့ ပေါက်ကွဲသံကလည်း တော်တော်ကျယ်လောင်တယ် မြေတောင် ခါသွားသေးတယ်” ဟု ဘွာလ်ခွါရွာခံတစ်ဦးက ပြောသည်။
ဘွာလ်ခွါကျေးရွာဒေသခံများမှ ကိုယ်ထူကိုယ်ထဖြင့် ဖွင့်လှစ်ထားသော ကျောင်းများတွင် တာဝန်ထမ်းဆောင်မည့် စေသနာ့ဝန်ထမ်း ဆရာအဖြစ်သင်တန်း သင်တန်းဆင်းပွဲပြုလုပ်နေစဉ်မှာ စစ်ကောင်စီက အမြောက်ဖြင့် လှမ်းပစ်ခဲ့ခြင်း ဖြစ်ကြောင်း ဒေသခံကပြောသည်။
ဘွာလ်ခွါကျေးရွာသည် ဖမ်းလမ်းမြို့နှင့် မိုင် ၂၀ ကျော်ခန့်ကွာဝေးပြီး စစ်ကောင်စီ၏ လက်နက်ကြီးကြောင့် ပြည်သူများနှင့် လူနေအိမ် ထိခိုက်ပျက်စီမှုမရှိခဲ့ကြောင်း သိရသည်။