မာဂရက် – ချင်းပြည်နယ်၊ မင်းတပ်မြို့ စစ်ဘေးရှောင်ပြည်သူများအတွက် ရိက္ခာသယ်ဆောင်သော ကားမောင်း သမား၊ ဆိုင်ကယ်သမားများကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက စနှိုက်ပါဖြင့် ချောင်းမြောင်းပစ်ခတ်မှု ရှိနေသောကြောင့် ရိက္ခာသယ်ယူရေး အခက်အခဲဖြစ်နေကြသည်ဟု မင်းတပ်စစ်ဘေးရှောင် ကူညီရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
“အဓိကတော့ ကျွန်တော်တို့ ထောက်ပို့လာတဲ့ကားတွေကို စစ်ကောင်စီက ကားဆရာတွေကို စနှိုက်ပါနဲ့ လှမ်းလှမ်းပစ်တာ၊ စစ်ဘေးရှောင်လာတဲ့ကားတွေကို လမ်းကြောင်းမှာ သူတို့ တပ်စွဲပြီးတော့ ကားဆရာတွေ၊ ဆိုင်ကယ်တွေလာတဲ့သူတွေကို စနှိုက်ပါနဲ့ လှမ်းလှမ်းပစ်တာတို့ရှိတယ်၊ ပြီးတော့ ရာသီဥတုက အခုမိုးတအားရွာတော့ တောင်ပေါ်လမ်းတွေက မြေသားလမ်းတွေဆိုတော့ မိုးတအားရွာ တော့ လမ်းတွေကချော်ကုန်တယ်၊ အရမ်းလည်း မတ်တယ်ဆိုတော့ ကားသွားလာဖို့ အရမ်းခက်ခဲ သွားတာတွေရှိတယ် စစ်ရှောင်တွေအတွက် ရိက္ခာတွေကို သယ်ယူဖို့ဆိုတဲ့နေရာမှာ အရမ်းခက်ခဲ ဖြစ်တာပေါ့” ဟု မင်းတပ်စစ်ဘေးရှောင်ကူညီရေးအဖွဲ့မှ တာဝနရှိသူက ပြောသည်။
စစ်အုပ်ချုပ်ရေးကြေညာခံထားရသည့် ချင်းပြည်််နယ် မင်းတပ်မြို့တွင် မေလ ၁၂ ရက်နေ့ကစပြီး တကျော့ပြန်တိုက်ပွဲဖြစ်ပွားလာခဲ့သည့်အတွက် မင်းတပ်မြို့ပေါ်ရှိ ပြည်သူလူထုအားလုံးနီးပါးသည် နီးစပ်ရာကျေးရွာ၊ ဆွေမျိုး၊ IDP Camp များတွင် ထွက်ပြေးတိမ်းရှောင်နေကြရခြင်းဖြစ်သည်။
ယခုလက်ရှိတွင် မင်းတပ်မြို့ စစ်ဘေးရှောင်ပြည်သူ လူဦးရေ ၈၁၆၇ ဦးရှိပြီဟု သိရပြီး ၎င်းတို့အတွက် ဆန်၊ မိုးကာ၊ အိမ်သာခွက်၊ ဓာတ်ဆီ နှင့် တခြား အခြေခံလူသုံးကုန်ပစ္စည်းများ၊ ကူညီထောက်ပံ့မှုများ လည်း လိုအပ်လျှက်ရှိနေသေးကြောင်းလည်းသိရသည်။
မင်းတပ်မြို့နယ်အတွင်း စစ်ကောင်စီနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့အကြား ပစ်ခတ်မှုမရှိသည်မှာ ၃ ရက်ခန့်ရှိနေပြီဖြစ်သော်လည်း ရှေ့ဆက်မည်ကဲ့သို့ဖြစ်လာနိုင်သည်ကို စောင့်ကြည့်နေရသည့် အနေအထားတွင် ရှိနေသည် စစ်ဘေးရှောင်ကူညီရေးအဖွဲ့တာဝန်ရှိသူကပြောသည်။