(006SV)
ချင်းပြည်နယ်၊ မင်းတပ်မြို့၊ ဝမ္မသူးကျေးရွာကို ယနေ့ ညနေပိုင်းတွင် တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ စစ်ကောင်စီက လေကြောင်းက ဗုံးကြဲတိုက်ခိုက်မှုကြောင့် အဖွားအိုတစ်ဦး ဦးခေါင်းထိမှန်ကာ သေဆုံးသွားကြောင်း ဒေသခံများက ပြောသည်။
“ဘာတိုက်ပွဲမှမရှိဘဲ ဗုံးကြဲသွားတာပါ။ ကျနော်တောင် မသေတာကံကောင်းတယ်။ လေကြောင့် လွင့်ထွက်သွားတယ်။ ပထမလာကြဲတဲ့အချိန် ဗုံးကွဲတဲ့ လေကြောင့် ဆိုင်ကယ်တွေ၊ သစ်ပင်တွေ လူတွေလဲကျ ပြီးအကုန်ပြေးပုန်းရတာပဲ။ ခုထိတုန်နေလို့ အသေးစိပ်လိုက်မကြည့်ဖြစ်ဘူး” ဟု ဒေသခံတစ်ဦးက ပြောသည်။
ယနေ့ ဇန်နဝါရီလ ၁၅ ရက်၊ နေ့လည် ၂ နာရီ ၄၅ မီနစ်ခန့်တွင် မင်းတပ်မြို့နယ်၊ တိုက်နယ် ၂၊ ဝမ္မသူးကျေးရွာကို စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့် ၂လုံးတွဲဗုံးများနှင့် ၂ကြိမ် တိုက်ခိုက်ခဲ့ပြီး စစ်သေနတ်ဖြင့်ပါ ကျေးရွာကို ပစ်ခတ်သွားသောကြောင့် အသက် ၇၀ အရွယ် အဘွားအိုတစ်ဦးကို ထိမှန်ကာ ခေါင်းတစ်ခြမ်း ပဲထွက်သွား၍ သေဆုံးသွားသည်ဟု ဒေသခံက ပြောသည်။
လေကြောင်းတိုက်ခိုက်မှုကြောင့် နေအိမ်တချို့လည်း ထိခိုက်ပျက်စီးသွားသည်ဟု သိရသည်။
ယနေ့ ညနေပိုင်းတွင်လည်း တိုက်နယ်၂ ဘက်က ကျေးရွာကို စစ်ကောင်စီ၏ ၂၇၄ တပ်ရင်းက ၁၂၀ မမ လက်နက်ကြီးများဖြင့် ၄ ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု သိရသည်။
Photo – HKL Mindat