အိန္ဒိယနိုင်ငံ မဏိပူရ်ပြည်နယ်တွင် စစ်ဘေးတိမ်းရှောင်လာကြသော မြန်မာနိုင်ငံက စစ်ဘေးရှောင်ပြည်သူအယောက် ၈၀ ကို မဏိပူရ်ပြည်နယ်ရဲတပ်ဖွဲ့က ဇန်နဝါရီလ ၂၇ ရက်နေ့မနက်ပိုင်း ၇ နာရီခန့်က ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု သိရသည်။
မဏိပူရ်ပြည်နယ် အိန္ဒိယ-မြန်မာနယ်စပ်မြို့ဖြစ်သည့် မိုရေးမြို့နှင့် ၄ ကီလိုမီတာခန့်အကွာ လန်းချန်းကျေးရွာနင့် နီးယူဆလ်ဘုန်းကျေးရွာတွင် ခိုလှုံနေ ကြသော မြန်မာစစ်ဘေးရှောင်အယောက် ၈၀ ကို မဏိပူရ်ပြည်နယ် ရဲတပ်ဖွဲ့က ဖမ်းဆီးခေါ်ေဆာင်သွားခဲ့ခြင်းဖြစ်သည်ဟု စစ်ဘေးရှောင်အရေး ကူညီပေးနေသူတစ်ဦးက ပြောသည်။
“အဲ့ဒီဒေသက ရွာသူကြီးအချင်းချင်းကြား နယ်မြေကိစ္စ အငြင်းပွားမှုပြသာနာနဲ့ သူတို့အချင်းချင်း အမှုဖွင့်တိုင်ကြားတဲ့အတွက် အဲ့ဒီတိုင်ကြားချက်အရ ရဲက တာဝန်အရ လာစစ်ဆေးရင်းနဲ့ ဒီ ကျွန်တော်တို့ စစ်ဘေးရှောင်တွေကို စစ်ဆေးတဲ့အခါကြတော့ တရားဝင်လုပ်ထားတဲ့ ကဒ်ပြားတွေ နေထိုင်ခွင့် permit တွေ မရှိတဲ့အတွက် ခေါ်ယူဖမ်းဆီးသွားတာဖြစ်တယ်” ဟု စစ်ဘေးရှောင်အရေး ကူညီနေသူက ပြောသည်။
ယခုအဖမ်းခံရသူအများစုသည် ချင်းလူမျိုးများဖြစ်ကြပြီး တမူးခရိုင်အတွင်း စစ်ကောင်စီတပ်ဖွဲ့နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အကြား ဖြစ်ပွားသည့် တိုက်ပွဲကြောင့် မဏိပူရ်ပြည်နယ်ဘက်သို့ ထွက်ပြေးခိုလုံနေကြသူများဖြစ်သည်ဟု သိရသည်။
မဏိပူရ်ပြည်နယ်ရဲတပ်ဖွဲ့က အမျိုးသားများကိုသာ ဖမ်းဆီးခေါ်ဆောင်သွားပြီး အမျိုးသမီးနှင့် ကလေးငယ်များကိုမူ ဖမ်းဆီးခြင်းမရှိကြောင်း သိရသည်။
၎င်းတို့ကို မိုရေး မြို့ရဲစခန်းတွင် ဖမ်းဆီးထိန်းသိမ်းထားပြီး ပြန်လည်လွှတ်မြောက်နိုင်ရေးအတွက် ကြိုးစားဆောင်ရွက်နေသည်ဟု စစ်ဘေးရှောင်အရေးကူညီသူကပြောဆိုသည်။
မဏီပူရ်ပြည်နယ် မိုရေးမြို့နယ်စပ်ဘက်တွင် မြန်မာစစ်ဘေးရှောင် လူဦးရေ ၃၀၀၀ ဝန်းကျင်ခန့် ခိုလုံလျှက်ရှိကြသည်ဟု သိရသည်။