အိန္ဒိယနိုင်ငံ မဏီပူရ်ပြည်နယ် လန်ကားမြို့တွင် မြန်မာနိုင်ငံသား ယက္ကန်းအလုပ်သမားများ ဧပြီလ ၆ ရက်နေ့ နေ့လည် ၁ နာရီကျော်ခန့်က ဖမ်းဆီးခံခဲ့ရသည်ဟု သတင်းရရှိသည်။
လန်ကားမြို့တွင် ယက္ကန်းအလုပ်လုပ်ကိုင်နေကြသော မြန်မာနိုင်ငံသားများကို မဏိပူရ်ပြည်နယ် ရဲတပ်ဖွဲ့က ယင်းနေ့ မွန်းလွဲပိုင်း ၁ နာရီကျော်ခန့်တွင် အလုပ်ရုံထဲ ဝင်ရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ဖမ်းဆီးခံရသူ ၂၀ ကျော်ရှိသည်ဟု ယက္ကန်းအလုပ်သမားတစ်ဦးကပြောသည်။
“ဘာကြောင့်ဖမ်းတယ်ဆိုတာတော့ သေချာမသိသေးဘူးဗျ ကျွန်တော့သူငယ်ချင်းတောင် ကိုယ်လွတ်ရုံးပြေးခဲ့ရတာ မပြေးနိုင်တဲ့သူတွေ ဖမ်းတာခံလိုက်ရတယ် ကျွန်တော့အထင်ယက္ကန်းရုံ (၃) ရုံကိုဝင်ဖမ်းတာ အဖမ်းခံရတာကအယောက် (၂၀) ကျော်မယ်ထင်တယ် စရင်းကတော့ အတိအကျမသိရသေးဘူး” ဟု လန်ကားမြို့က မြန်မာယက္ကန်းအလုပ်သမားတစ်ဦးက ပြောသည်။
ယခုနောက်ဆုံးသိရသည့်သတင်းအရ အဖမ်းခံရသူများမှာ အမျိုးသား ၆ ယောက်၊ အမျိုးသမီး ၁၁ ယောက်နှင့် ကလေး ၆ ယောက်တို့ဖြစ်ကြပြီး စုစုပေါင်း ၂၃ ယောက်ရှိသည်ဟု သိရသည်။
မဏိပူရ်ပြည်နယ်အစိုးရသည် သူ့ပြည်နယ်အတွင်း စစ်ဘေးတိမ်းရှောင်လာကြသော မြန်မာနိုင်ငံသားများနှင့် ယက္ကန်းအလုပ်သမားများကို ယခင်ကလည်း မကြာခဏ ဖမ်းဆီးခဲ့သည်။
မဏိပူရ်ပြည်နယ်အစိုးရသည် ပြီးခဲ့သည့်မတ်လ ၂၆ ရက်နေ့က မြန်မာစစ်ဘေးရှောင်ပြည်သူများနှင့် တွေ့ဆုံကာ စစ်ဘေးရှောင်များအား ယာယီကဒ်များထုတ်ပေးကာ စစ်ဘေးရှောင်စခန်းများလည်း တည်ဆောက်ပေးမည်ဟု ပြောဆိုခဲ့သည်။
သို့သော်လည်း ယခုအခါ လန်ကားမြို့က မြန်မာနိုင်ငံသား ယက္ကန်းအလုပ်သမားများကို မဏိပူရ်ရဲတပ်ဖွဲ့က ပြန်လည်ဖမ်းဆီးနေခဲ့ခြင်းဖြစ်သည်။