(005MK)
အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ် ကျန်ဖိုင်းမြို့တွင် အရက်သောက်ကာ မူးယစ်ရမ်းကာသည့် မြန်မာနိုင်ငံသား ၇ ဦးကို မီဇိုးလူငယ်အသင်း YMA က ဖမ်းဆီးပြီး ချင်းအမျိုးသားတပ်ဦး CNF/A တပ်ဖွဲ့ထံ လွှဲပြောင်းအပ်နှံခဲ့သည်ဟု သိရသည်။
ကျန်ဖိုင်းမြို့ Dinthar ရပ်ကွက်တွင် စစ်ရှောင်အဖြစ်နေထိုင်သူ Bawineisuma ခေါ် Lalneihchhunga သည် မိမိ ကိုယ်ကို တော်လှန်ရေးတပ်သား ဖြစ်သည်ဟုဆိုကာ ဓားကိုင်ဆောင်ကာ လမ်းမပေါ်ရမ်းကာနေသည့်အတွက် Dinthar ရပ်ကွက် YMA က ဖမ်းဆီးခဲ့သည်ဟု မီဇိုရမ်ဒေသတွင်း သတင်းဌာနမှာ ဖော်ပြထားသည်။
Lalneihchhunga သည် ယခင်ကလည်း စစ်ဝတ်စုံများဝတ်ဆင်လေ့ရှိပြီး YMA က ဖမ်းဆီးပြီးနောက် ရဲတပ်ဖွဲ့လက်ထဲသို့ အပ်နှံကာ ရဲတပ်ဖွဲ့က ရိခေါဒါရ်မြို့မှာရှိတဲ့ ချင်းအမျိုးသားတပ်ဦး CNF တပ်ဖွဲ့ထံ လွှဲပြောင်းအပ်နှံခဲ့သည်ဟု သတင်းစာက ဆိုသည်။
အလားတူ နယူးကျန်ဖိုင်းရပ်ကွက်တစ်နေရာမှာ အရက်သောက်နေကြသော စစ်ရှောင်ဟုယူဆရသည့် မြန်မာနိုင်ငံသား ၆ ဦး Vanlalrinchhana, Bawiliana, Siangthachung, KD Liana, Vanbawih နှင့် Sangbawithang တို့ကိုလည်း YMA က ဖမ်းဆီးခဲ့ပြီးနောက် ချင်းအမျိုးသားတပ်ဦး CNF ထံ လွှဲပြောင်းအပ်နှံခဲ့သည်ဟု မီဇိုရမ်သတင်းစာတွင် ဖော်ပြထားသည်။
ယင်းကိစ္စနှင့်ပတ်သက်၍ ချင်းအမျိုးသားတပ်ဦး CNF ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက အဆိုပါဖြစ်စဉ်မှာ မှန်ကန် ကြောင်း စစ်ဆေးမေးမြန်းမှုများပြုလုပ်ကာ အရေးယူဆောင်ရွက်မှုများဆက်လုပ်သွားမည်ဟု ပြောဆိုသည်။