(005MK)
ချင်းပြည်နယ် မတူပီမြို့နယ် လိုင်လင်းပီ မြို့သိမ်းတိုက်ပွဲအတွင်း မီဇိုရမ်ပြည်နယ်ဘက်ကို ထွက်ပြေးခိုလုံသွားကြသော ဗိုလ်ကြီးတစ်ဦးအပါအ၀င် စစ်ကောင်စီတပ်သား အယောက် ၃၀ ကို အိန္ဒိယဗဟိုအစိုးရက ရဟတ်ယာဉ်ဖြင့်ခေါ်ထုတ်ပြီး ယနေ့တွင် စစ်ကောင်စီထံ ပြန်ပို့လိုက်သည်ဟု မီဇိုရမ်ဒေသတွင်းသတင်းမှာ ဖော်ပြသည်။
လိုင်လင်းပီမြို့က စစ်ကောင်စီတပ်စခန်းကို ချင်းအမျိုးသားတပ်ဦး CNF/CNA ဦးဆောင်သော ချင်းကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က နို၀င်ဘာလ ၂၄ ရက်နေ့မှာ အပြီး တိုက်ခိုက်သိမ်းပိုက်ခဲ့ရာမှာ စစ်ကောင်စီတပ်သားများသည် လက်နက်ချအညံ့မခံဘဲ တဖက်အိန္ဒိယနိုင်ငံသို့ ထွက်ပြေးသွားကြသည်။
ဗိုလ်ကြီးရန်နိုင်ဦး ဦးဆောင်သော စစ်ကောင်စီတပ်သား အယောက် ၃၀ တို့သည် မီဇိုရမ်ပြည်နယ်တောင်ပိုင်း ရှီဟာခရိုင် နယ်စပ်ကျေးရွာ Tuipang ရွာမှာ တပ်စွဲထားသော အာသံရိုင်ဖယ်တပ်ဖွဲ့ထံသို့ နို၀င်ဘာလ ၂၈ ရက်နေ့က ၀င်ရောက်ခိုလုံခဲ့ကြသည်။
ထိုသို့ ခိုလုံခဲ့ကြပြီးနောက် ယနေ့မနက်ပိုင်း ၉ နာရီခွဲခန့်တွင် Tuipang ကျေးရွာမှ ရဟတ်ယာဉ်ဖြင့် ခေါ်ထုတ်သွားကြပြီး မဏိပူရ် ပြည်နယ် နယ်စပ်မြို့ မိုးရေကတဆင့် တမူးမြို့ဘက်သို့ လွှဲပြောင်းမည်ဟု မီဇိုရမ်ဒေသတွင်းသတင်း Bengvarna မှာဖော်ပြသည်။
ချင်းကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များအနေဖြင့် ချင်းပြည်နယ်တွင် မြို့သိမ်းတိုက်ပွဲများ ဆက်တိုက်ဖော်ဆောင်ရာမှာ ရိခေါဒါရ်မြို့နှင့် သီးဘွာလ်းတပ်စခန်းက စစ်ကောင်စီတပ်သား ၇၁ ဦးသည် မီဇိုရမ်ပြည်နယ်ဘက်သို့ ထွက်ပြေးခိုလုံခဲ့ကြပြီး နို၀င်ဘာလအတွင်းမှာပဲ အိန္ဒိယဗဟိုအစိုးရက စစ်ကောင်စီထံ ပြန်လည်လွှဲအပ်ခဲ့ပြီးဖြစ်သည်။