(005MK)
မီဇိုရမ်ပြည်နယ်၊ အိုင်ဇောလ်မြို့မှာ မြန်မာနိုင်ငံသား နှစ်ဦးထံမှ ရူပီး သိန်း ၅၀၀ ကျော်တန်ဖိုးရှိတဲ့ စိတ်ကြွဆေးပြားများ ဖမ်းဆီးရမိခဲ့သည်ဟု သိရသည်။
အိုင်ဇောလ်မြို့က မှုခင်းစုံစမ်းရေးဌာန (CID) နဲ့ မူးယစ်အထူးရဲတပ်ဖွဲ့ (Special Narcotics Police Station) ပူးပေါင်းတပ်ဖွဲ့သည် ကြိုတင်ရရှိထားသော သတင်းအချက်အလက်များအရ “ဂျင်း” တင်ဆောင်လာသော ကုန်ကားတစ်စီးကို ရပ်တန့်စစ်ဆေးမှုများ ပြုလုပ်ခဲ့ရာ စိတ်ကြွဆေးအများအပြားကို မေလ ၂၀ ရက်နေ့က ဖမ်းဆီးခဲ့သည်ဟု Bengvarna ဒေသတွင်သတင်းဌာနကဖော်ပြသည်။
အဆိုပါကားကို မှုခင်းစုံစမ်းရေးဌာန (CID) ရုံးမှာ သေချာစစ်ဆေးမှုပြုလုပ်ရာမှာ ဂျင်းထည့်ထားသော အိတ်အောက်က ကားကိုယ်ထည်ထဲမှာ ၃၉.၁၅၁ ကီလိုဂရမ် အလေးချိန်ရှိသော စိတ်ကြွဆေးပြား အထုပ်ပေါင်း ၄၀ ကိုဖမ်းဆီးခဲ့ခြင်းဖြစ်သည်။
ယင်းစိတ်ကြွဆေးပြားများမှာ ကာလပေါက်စျေးအရ ရူပီးငွေ သိန်း ၅၀၀ ကျော် တန်ဖိုးရှိသည်ဟု ဆိုသည်။
မူးယစ်ဆေးဝါးနှင့်အတူ စစ်ကိုင်းတိုင်းကလေးမြို့နယ်၊ လက်ပံချောင်းရွာ ဒေသခံ လက်ရှိ Tiau (Khawmawi) ရပ်ကွက်မှာ နေထိုင်သူ Lalkrossmawia နှင့် ယာဉ်မောင်းသူ ကလေးမြို့၊ တာဟာန်းရပ်ကွက်နေ Ramropuia တို့ကိုလည်း ဖမ်းဆီးခဲ့ကြောင်း သိရသည်။
နောက်ထပ် စုံစမ်းစစ်ဆေးမေးမြန်းမှုအရ အဆိုပါစိတ်ကြွဆေးပြားများကို အိန္ဒိယနိုင်ငံ အာသံပြည်နယ် Silchar မြို့သို့ ပို့ဆောင်ရန်ဖြစ်ပြီး မြန်မာနိုင်ငံက မူးယစ်ကုန်သည်များက ၎င်းတို့ကို ရူပီးငွေ တစ်သိန်းခွဲပေးကာ ပိုဆောင်ခိုင်းခြင်းဖြစ်သည်ဟု သိရသည်။