(005MK)
မီဇိုရမ်ပြည်နယ် Hnahthial ခရိုင် Cherhlun ကျေးရွာ စစ်ဘေးရှောင်စခန်းတွင်နေထိုင်ကြသော မြန်မာစစ်ဘေးရှောင်များအတွက် ဗဟိုမီဇိုးလူငယ်အသင်း (CYMA) က စားနပ်ရိက္ခာများ ထောက်ပံ့ခဲ့သည်ဟု သိရသည်။
Cherhlun ကျေးရွာ စစ်ဘေးရှောင်စခန်းတွင် နေထိုင်ကြသော စစ်ဘေးရှောင်များ စားနပ်ရိက္ခာအကူအညီလိုအပ်နေကြောင်း Network for Unity Association (N.U.A) က CYMA အဖွဲ့ထံသို့ အရေးဆိုတင်ပြခဲ့ပြီးနောက် ယနေ့ ဇူလိုင် ၂၉ ရက်တွင် ရူပီးတစ်သိန်းထောက်ပံ့ကာ Cherhlun YMA အဖွဲ့က လိုအပ်သော စားနပ်ရိက္ခာများ ဝယ်ယူထောက်ပံ့ပေးခဲ့သည်ဟု သိရသည်။
ပထမသုတ်အနေဖြင့် ရူပီး ငါးသောင်းခန့်တန်ဖိုးရှိသော ဆန်၊ ပဲ၊ ဆီနှင့် ကြက်ဥများကို ပေးအပ်ခဲ့ကြပြီး ဒုတိယသုတ်ကိုလည်း မကြာခင်ရက်ပိုင်းအတွင်း ဆက်လက်ပေးအပ်သွားမည်ဟု သိရသည်။
Cherhlun ကျေးရွာက စစ်ဘေးရှာင်စခန်းတွင် အိမ်ထောင်စု ၁၃ စု လူဦးရေ ၅၀ ကျော်နေထိုင်ကြပြီး၊ ရွာထဲအိမ်ငှါး၍ နေထိုင်သူများမှာ အိမ်ထောင်စု ၈ စုခန့်ရှိသည်ဟု သိရသည်။
၎င်းတို့သည် ချင်းပြည်နယ် ထန်တလန်မြို့နယ် Lungler နှင့် Tlangpui ကျေးရွာကဖြစ်ကြသည်ဟု သိရသည်။
Cherhlun ကျေးရွာက မြန်မာစစ်ဘေးရှောင်များသည် ငါးဖမ်းခြင်း၊ ကြုံရာကျပန်းအလုပ်များ လုပ်ကိုင်ကာ နေ့စဉ်စားဝတ်နေရေး ဖြေရှင်းနေကြရပြီး အကူအညီများ လိုအပ်လျှက်ရှိကြသည်။
စစ်ဘေးရှောင်များထဲတွင် CDM ရဲတပ်သားများလည်း ပါဝင်သည်ဟုသိရသည်။