(005MK)
အိန္ဒိယ-မြန်မာနယ်စပ်တလျှောက်ကို ခြံစည်းရိုးခတ်ပြီး နယ်စပ်တဖက်တချက်စီ လွတ်လပ်စွာ ဖြတ်သန်းသွားလာခွင့် Free Movement Regime (FMR) ဖျက်သိမ်းမည့်အစီစဉ်ကို ကန့်ကွက်သည့်အနေဖြင့် အိန္ဒိယ ၀န်ကြီးချုပ် Narendra Modi နှင့် ပြည်ထဲရေး၀န်ကြီး Amit Shah တို့၏ ရုပ်ပုံကို မီဇိုးကျောင်းသားသမဂ္ဂ (MZP) က မီးရှို့ခဲ့ကြသည်။
ဇန်န၀ါရီလ ၃၁ ရက်နေ့က အိုင်ဇောလ်မြို့ရှိ မီဇိုးကျောင်းသားသမဂ္ဂ (MZP) ရုံးရှေ့တွင် အိန္ဒိယ၀န်ကြီးချုပ် Narendra Modi နှင့် ပြည်ထဲရေး၀န်ကြီး Amit Shah တို့၏ ရုပ်ပုံကို မီးရှို့ခဲ့ကြခြင်းဖြစ်သည်။
ချင်း (ဇိုး) မျိုးနွယ်စုများသည် မိမိတို့ဆန္ဒအရမဟုတ်ဘဲ နိုင်ငံတကာနယ်နိမိတ်မျဉ်း ၃ ခု အိန္ဒိယ-မြန်မာ-ဘဂ်လာဒေရှ့် နိုင်ငံ တို့တွင် ပိုင်းခြားခံခဲ့ကြရသည့်အပြင် အိန္ဒိယနိုင်ငံထဲမှာလည်း ပြည်နယ်အသီးသီးမှာ ထပ်မံပိုင်းခြားနေထိုင်ခဲ့ကြရသည်ဟု MZP က ဆိုသည်။
“ကျနော်တို့ဇိုး (ချင်း) မျိုးနွယ်တွေကို ပိုင်းခြားစေတဲ့ နယ်နိမိတ်မျဉ်းတွေဟာ မိမိတို့သဘောဆန္ဒမပါဘဲ ဗြိတိသျှအစိုးရက သတ်မှတ်ခဲ့တာဖြစ်ပါတယ်၊ ဒါကြောင့် မိမိတို့အနေနဲ့ ဘယ်လိုနည်းနဲ့မှ လက်ခံလို့မရဘူး” ဟု MZP က ဆိုသည်။
ထို့ကြောင့် အိန္ဒိယအစိုးရက နယ်စပ်တလျှောက်ခြံစည်းခတ်ပြီး လွတ်လပ်စွာဖြတ်သန်းသွားခွင့် FRM ဖြတ်သိမ်းမည့်ကိစ္စ ကို ဆက်လက်ဆန့်ကျင်သွားမည်ဖြစ်ကြောင်း MZP ကပြောသည်။ အဆိုပါကိစ္စနှင့်ပတ်သက်၍ မီဇိုးကျောင်းသားသမဂ္ဂ (MZP) အနေဖြင့် ဇန်န၀◌ါရီလ ၂၂ ရက် နေ့ကလည်း အိန္ဒိယ၀န်ကြီးချုပ်ထံ အိပ်ဖွင့်ပေးစာပေးပို့ခဲ့ပြီးဖြစ်သည်။
မီဇိုရမ်ပြည်နယ်အခြေစိုက် Zo Reunification Organization (ZORO) ကလည်း ဇန်န၀ါရီလ ၂၉ ရက်နေ့က အိန္ဒိယ-မြန်မာ နယ်စပ်တလျှောက်ကို ခြံစည်းရိုးခတ်ပြီး လွတ်လပ်စွာဖြတ်သန်းသွားလာခွင့် Free Movement Regime (FMR) ကိုလည်း ဖျက်သိမ်းမည့် အိန္ဒိယအစီစဉ်ကို ဆက်လက်ဆန့်ကျင်သွားမည်ဖြစ်ကြောင်းပြသသည့်အနေဖြင့် အဓိကကြိုးကိုင်သူဖြစ်သည့် အိန္ဒိယ ပြည်ထဲရေး၀န်ကြီး၏ ရုပ်ပုံကို မီးရှို့ဖျက်စီးခဲ့ကြပြီးဖြစ်သည်။