(005MK)
မီဇိုးလူငယ်အသင်း Central Young Mizo Association (CYMA) က မြန်မာနှင့် မဏိပူရ်ပြည်နယ်က စစ်ဘေးရှောင်များအတွက် ခရစ္စမတ်လက်ဆောင်အဖြစ် ရူပီးငွေ ၄ သိန်းခန့်တန်ဖိုးရှိသော အခြေခံစားနပ်ရိက္ခာများကို ယနေ့ ပေးအပ်ခဲ့သည်ဟု သိရသည်။
မီဇိုရမ်ပြည်နယ် အိုင်ဇောလ်မြို့အခြေစိုက် မီဇိုးလူငယ်အသင်း CYMA က အိုင်ဇောလ်ခရိုင်အတွင်းမှာရှိသော မြန်မာစစ်ဘေးရှောင်စခန်း ၆ ခုနှင့် မဏိပူရ်ပြည်နယ်က စစ်ဘေးရှောင်စခန်းနှစ်ခု စုစုပေါင်း ၈ ခုအတွက် အခြေခံစားနပ်ရိက္ခာများကို ယနေ့ ဒီဇင်ဘာလ ၂၁ ရက်နေ့တွင် အသီးသီးထောက်ပံ့ပေးအပ်ခဲ့သည်ဟု သိရသည်။
မြန်မာနိုင်ငံက စစ်ဘေးရှောင်များနေထိုင်ကြသော Tuiral Camp၊ Sihhmui Camp 1, Camp 2, Sairang Camp, Leitan Camp, YHAI Camp နှင့် မဏိပူရ်ပြည်နယ်မှ စစ်ဘေးရှောင်လာသူများနေထိုင်ကြသော BSUP Edenthar Camp, RAY Camp တို့ကို ခရစ္စမတ်လက်ဆောင်အဖြစ် ထောက်ပံ့ပေးအပ်ခဲ့ခြင်းဖြစ်သည်။
စစ်ဘေးရှောင်စခန်း ၈ ခုအတွက် ဆန်အိတ် ၁၂၅ အိတ်၊ ဆီ ၄၅ ဖာ၊ ပဲ ၁၆ အိတ်၊ အသားတု ၂၂ အိတ်ဖြင့် လူဦးရေ အနည်းအများပေါ်မူတည်ပြီး ခွဲဝေပေးအပ်ခဲ့သည်ဟု သိရသည်။
မီဇိုးလူငယ်အသင်း CYMA သည် မီဇိုရမ်ပြည်တွင် ဩဇာတက္ကမအကြီးဆုံးသော အရပ်ဖက်အဖွဲ့အစည်းဖြစ်ပြီး စစ်ဘေးရှောင်များအား အဓိကကူညီထောက်ပံ့နေသည့်အပြင် ခရစ္စမတ်ကာလတွင်လည်း ယခုကဲ့သို့ ခရစ္စမတ်လက်ဆောင်အဖြစ် ကူညီထောက်ပံ့လေ့ရှိသည်။