(005MK)
မီဇိုရမ်ပြည်နယ် ၀န်ကြီးချုပ်သစ် ပူးလာလ်ဒိုအောမ်မာက မြန်မာစစ်ဘေးရှောင်များအရေးနှင့်ပတ်သက်၍ အကောင်းဆုံး ကူညီသွားမည်ဟု ပြောဆိုမှုအပေါ် မြန်မာပြည်သူများကိုယ်စား ၀မ်းသာကျေနပ်ရသည်ဟု India For Myanmar က ပြောဆိုသည်။
မြန်မာနိုင်ငံတွင် စစ်ကောင်စီတပ်ဖွဲ့၏ လုပ်ရပ်ကြောင့် မြန်မာနိုင်ငံသားအမြောက်အများသည် အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်တွင် ဒုက္ခသည်ဘ၀ဖြင့် ခိုလုံနေကြရပြီး မြန်မာစစ်ဘေးရှောင်များနှင့် စပ်လျဉ်း၍ အိန္ဒိယ ဗဟိုအစိုးရနှင့် ညှိနှိုင်းကာ အကောင်းဆုံး ကူညီပံ့ပိုးပေးရန် ၀န်ကြီးချုပ် ပူးလာလ်ဒိုအောမ်မာအနေဖြင့် ကတိပြုထားကြောင်း ကြားသိရသည့်အတွက် ၀မ်းသာကျေနပ်မိသည်ဟု ဒီဇင်ဘာ ၁၅ ရက်နေ့က India For Myanmar ကထုတ်ပြန်သည်။
“၀န်ကြီးချုပ် ပူးလာလ်ဒိအောမ်မာ၏ ဆုံးဖြတ်ချက်များသည် အိန္ဒိယနိုင်ငံ၏ ဒီမိုကရေစီစံတန်ဖိုးများကို မြင့်တက်စေပြီး အိန္ဒိယ-မြန်မာ နှစ်နိုင်ငံကြား အနာဂတ်ဆက်ဆံရေးများအတွက် အထောက်အကူဖြစ်စေမည့် ဆုံးဖြတ်ချက်များဖြစ်သည်” ဟု India For Myanmar ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
မီဇိုရမ်ပြည်နယ်တွင် ပြီးခဲ့သည့် နို၀င်ဘာလ ၇ ရက်နေ့က ၉ ကြိမ်မြောက် ပြည်နယ်လွှတ်တော်ရွေးကောက်ပွဲမှာ ပူးလာလ်းဒိုအောမ်မာ ဦးဆောင်သော အတိုက်ခံပါတီဖြစ်သည့် Zoram People’s Movement (ZPM) က မဲဆန္ဒနယ်မြေ ၄၀ တွင် ၂၇ နေရာမှာအနိုင်ရရှိကာ အစိုးရသစ် ဖွဲ့စည်းနိုင်ခဲ့ခြင်းဖြစ်သည်။
Zoram People’s Movement (ZPM) သည် ၂၀၂၁ ခုနှစ်ကစ၍ ယနေ့ချိန်ထိ မြန်မာပြည်သူများနှင့် တသားတည်ရပ်တည်ခဲ့ပြီး ယခုကဲ့သို့ မီဇိုရမ်ပြည်နယ်တွင် အစိုးရဖွဲ့နိုင်သည့်အတွက်လည်း အထူး၀မ်းမြောက်ဂုဏ်ယူကြောင်း India for Myanmar က ဆိုသည်။
ထို့အပြင် ၀န်ကြီးချုပ်နှင့်အတူ မီဇိုရမ်ပြည်သူများအပေါ် ခရစ္စမတ်ငြိမ်သက်ခြင်း သက်ရောက်ပါစေကြောင်းနှင့် ၀န်ကြီးချုပ်အနေဖြင့် ပြည်သူများအတွက် အကောင်းဆုံးတာ၀န် ထမ်းဆောင်နိုင်ပါစေကြောင်း မြန်မာပြည်သူများကိုယ်စား ဆုတောင်းမေတ္တာပို့သကြောင်း India for Myanmar ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။