အိန္ဒိယနိုင်ငံ မဏိပူရ်ပြည်နယ် အင်ဖားမြို့အကျဉ်းထောင်တွင် ဖမ်းဆီးထိန်းသိမ်းခံထားရသော မြန်မာစစ်ဘေးရှောင် ၃ ဦးကို မတ်လ ၂ ရက်နေ့က အာမခံဖြင့် ပြန်လွတ်လာကြသည်ဟု သိရသည်။
အာမခံဖြင့် လွတ်မြောက်လာသူများမှာ အသက် ၇၂ နှစ်အရွယ် ဦးဇမ်ခေါဆေးဒန်းထန်၊ အသက် ၂၀ ရွယ် ဝီလီယံနှင့် အသက် ၂၃ နှစ်အရွယ် Sonminthang တို့ဖြစ်ကြပြီး ၎င်းတို့သည် ပြီးခဲ့သည့် ဇန်နဝါရီလတုန်းက မိုးရေးမြို့နယ်တွင် စစ်ဘေးရှောင် အယောက် ၈၀ ကျော်နှင့်အတူ ဖမ်းဆီးခံခဲ့ရသူများဖြစ်ကြသည်။
ဦးဇမ်ခေါဆေးဒန်းထန်သည် ကျန်းမာရေးအခြေအနေမကောင်းသည့်အတွက် အာမခံဖြင့် ပြန်လည်လွတ်မြောက်လာခြင်းဖြစ်ပြီး ဝီလီယံနှင့် Sonminthang တို့မှာ ကျောင်းနေရွယ်လူငယ်များဆိုသည့် ခြွင်းချက်ဖြင့် အာမခံနှင့် ပြန်လွတ်ပေးခဲ့ခြင်းဖြစ်သည်ဟု မြန်မာစစ်ဘေးရှောင်ကူညီရေးအသင်း နာယဂ ဦးထန်ဆေးက ပြောသည်။
ယခုလက်ရှိတွင် အင်ဖားမြို့အကျဉ်းထောင်တွင် မြန်မာနိုင်ငံက စစ်ဘေးရှောင် ၁၀၀ ကျော်ခန့် ဖမ်းဆီးထိန်းသိမ်းခံနေရဆဲဖြစ်ပြီး ကျန်းမာရေးစောင့်ရှောက်မှု အားနည်းသည့်အတွက် အသက်အန္ဓာရယ် စိုးရိမ်ရသူများလည်းရှိသည်ဟု ၎င်းက ဆက်ပြောသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၆ ရက်နေ့ကလည်း အသက် ၃၂ နှစ်အရွယ် ဦးလမ်းခေါချွမ်ဂွေသဲမှာ အင်ဖားမြို့အကျဉ်းထောင်ထဲမှာ ရုတ်တရက် သေဆုံးခဲ့ရပြီးဖြစ်သည်။