(005MK)
မီဇိုရမ်ပြည်နယ် အိုင်ဇောလ်မြို့မှာ မြန်မာနိုင်ငံသားတစ်ဦးထံမှ ရူပီးသိန်း ၃၈၀ ကျော်တန်ဖိုးရှိ စိတ်ကြွ ဆေးပြား (Methamphetamine) ၂၉ ကီလိုကျော်ကို ယနေ့မနက်ပိုင်းက ဖမ်းဆီးရမိသည်ဟု မီဇိုရမ်ရဲတပ်ဖွဲ့ကထုတ်ပြန်သည်။
မီဇိုရမ်ရဲတပ်ဖွဲ့လက်အောက်ခံ CID(SB) နှင့် Special Narcotic ပူးပေါင်းအဖွဲ့သည် နိုဝင်ဘာလ ၂၇ ရက်ညက မူးယစ်ဆေးဝါးနှိမ်နှင်းရေးလှုပ်ရှားမှုဆောင်ရွက်ရာမှာ ယနေ့မနက်ပိုင်း ၁၂ နာရီခွဲခန့်မှာ အိုင်ဇောလ်မြို့အ ထွက် Zemabawk ရပ်ကွက်တွင် ဆုတောင်းဆောင်နေရာအနီးမှာ မူးယစ်ဆေးဝါးများကို ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။
အိန္ဒိယ-မြန်မာနယ်စပ် Zokhawthar ကျေးရွာဘက်မှထွက်လာသော Scorpio ကားတစ်စီးကို ရှာဖွေစစ်ဆေး ကြည့်ရာမှာ အလေးချိန် ၂၉ ကီလိုကျော်ရှိသော စိတ်ကြွဆေးပြားများကို ဖမ်းဆီးခဲ့ခြင်းပြီး ဒေသပေါက်ဈေး အရ ရူပီးငွေ သိန်း ၃၈၀ ကျော်တန်ဖိုးရှိသည်ဟု သိရသည်။
မူးယစ်ဆေးဝါးနှင့်အတူ ကလေးမြို့ တာဟန်းရပ်ကွက်နေ အသက် ၃၀ အရွယ် Tlangthanmawia ကိုလည်း ဖမ်းဆီးပြီး မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားမှုနှင့် နိုင်ငံခြားသားအက်ဥပဒေဖြင့် အမှုဖွင့်ထားသည်ဟု သိရသည်။
ယခုရက်ပိုင်းအတွင်း မီဇိုရမ်ပြည်နယ်တွင် မူးယစ်ဆေးဝါးဖမ်းဆီးမှုမကြာခဏရှိနေပြီး နိုဝင်လာလ ၂၆ ရက်နေ့ကလည်း ဘိန်းဖြူ ၈ ကီလိုကျော် (ရူးပီးငွေ သိန်း ၂ ထောင်ကျော်) ကို ဒေသခံ ၃ ယောက်ထံမှ ဖမ်းဆီးရမိခဲ့သည်။