အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ် အိုင်ဇောလ်မြို့တွင် မြန်မာနိုင်ငံသားတစ်ဦးထံမှ ဘိန်းဖြူ ၆၃.၄၆ ဂရမ်ကို မီဇိုရမ်ရဲတပ်ဖွဲ့က ယနေ့ သြဂုတ်လ ၉ ရက်နေ့တွင် ဖမ်းဆီးရမိသည်ဟု သိရသည်။
အိုင်ဇောလ်မြို့ Thuampui ရပ်ကွက်တွင်နေထိုင်သူ ကလေးမြို့ တာဟန်းရပ်ကွက်မှ အသက် ၃၅ နှစ်အရွယ် Lalhruailiana ၏ နေအိမ်ကို ယနေ့မနက်ပိုင်းက သတင်းပေးပို့ချက်အရ မီဇိုရမ်ရဲတပ်ဖွဲ့က ဝင်ရောက်ရှာဖွေရာတွင် ဆပ်ပြာခွက်ထဲတွင်ထားရှိသော ဘိန်းဖြူများကို ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်ဟု မီဇိုရမ်ရဲတပ်ဖွဲ့က ထုတ်ပြန်သည်။
အဆိုပါ ဖမ်းဆီးရမိသည့် ဘိန်းဖြူမှာ နိုင်ငံတကာပေါက်ဈေးအရ ရူပီးငွေ ၃၂ သိန်းခန့်ရှိသည်ဟု ဆိုသည်။
၎င်းကို Bawngkawn ရဲစခန်းသို့ပို့ဆောင်ပြီး မူးယစ်ဆေးဝါးရောင်း ဝယ်မှုအက်ဥပဒေနှင့် တရားမဝင် ဝင်ရောက်နေထိုင်မှု (နိုင်ငံခြားသား) မှုတို့ဖြင့် အမှုဖွင့်အရေးယူထားသည်ဟု သိရသည်။
မြန်မာနိုင်ငံက စစ်ဘေးရှောင်ပြည်သူတွေ အမြောက်အများနေထိုင်နေထိုင်ကြသော မီဇိုရမ်ပြည်နယ်မှာ မူးယစ်ဆေးဝါးဖမ်းဆီးမှု ဆက်လက်မြင့်တက်နေပြီး အထူးသဖြင့် ဘိန်းဖြူ အများစုသည် အိန္ဒိယ-မြန်မာနယ်စပ်ဘက်ကနေ ဝင်ရောက်လာခြင်းဖြစ်ပြီး ဘိန်းဖြူဖမ်းဆီးမှုအများစုမှာ မြန်မာနိုင်ငံသားများ ပါဝင်လေ့ရှိကြောင်း သိရသည်။
မြန်မာနိုင်ငံသားများအနေဖြင့် မီဇိုရမ်ပြည်နယ်အတွင်းသို့ မူးယစ်ဆေးဝါးများ သယ်ယူရောင်းချခြင်းမပြုကြရန်နှင့် ဆက်လက်လုပ်ဆောင်ကြပါက ပြင်းပြင်းထန်ထန် အရေးယူမည်ဟု CDF တပ်ဖွဲ ့များကလည်း ကြေညာချက်ထုတ်ပြန်ခဲ့ပြီးဖြစ်သည်။