(005MK)
အိမ်နီးချင်း မြန်မာနိုင်ငံတွင် နိုင်ငံရေး စစ်ရေးမတည်မငြိမ်ဖြစ်ပွားနေမှုကြောင့် မိမိကိုယ်ကိုကြိုတင်ကာကွယ်သည့်အနေ ဖြင့် နယ်စပ်ခြံစည်းရိုးခတ်ရန်စီစဉ်ခြင်းဖြစ်သည်ဟု အိန္ဒိယပြည်ပရေးရာဝန်ကြီး ဒေါက်တာ S. Jaishankar ကပြောဆို လိုက်သည်။
မကြာခင်ကျင်းပတော့မည့် ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲ (Lok Sabha) မဲဆွယ်စည်းရုံးရေးအတွက် မီဇိုရမ်ပြည်နယ် အိုင်ဇောလ်မြို့သို့ ယနေ့ ရောက်ရှိလာသော ဒေါက်တာ S. Jaishankar သည် Hotel Regency တွင် ၎င်းတို့ပါတီ၏ ရွေးကောက်ပွဲကြေညာစာတမ်း ‘BJP Mizoram Vision Document’ ကို ထုတ်ပြန်ကြေညာခဲ့ပြီးနောက် နယ်စပ်အရေးနှင့်ပတ်သက်၍ ထိုကဲ့သို့ ပြောဆိုလိုက်ခြင်းဖြစ်သည်။
အိမ်နီးချင်းမြန်မာနိုင်ငံ၏ အခြေအနေကို ကြည့်ပါက အိန္ဒိယနိုင်ငံလုံခြုံရေးအတွက် ကြိုတင်ကာကွယ်ရန်လိုအပ်ပြီး ယင်းကိစ္စကို ဦးစားပေးအနေဖြင့်ဆောင်ရွက်လျှက်ရှိကြောင်း ထို့ကြောင့် အိန္ဒိယ-မြန်မာနယ်စပ်ကို ခြံစည်းရိုးခတ်ရန် စီစဉ်ခြင်းဖြစ်ကာ ကြိုတင်ကာကွယ်ခြင်းသည် အရေးကြီးသည်ဟု ဝန်ကြီးက ပြောဆိုကြောင်း All India Radio က ဖော်ပြသည်။
“အိမ်နီးချင်းနိုင်ငံကနေ မကောင်းမှုဒုစရိုက်တွေ၊ မူးယစ်ဆေးဝါးတွေအမြောက်အများဝင်လာတယ် ဒါဟာ အိမ်နီးချင်း နိုင်ငံက တာဝန်ရှိသူတွေအနေနဲ့ တရားဉပဒေစိုးမိုးရေးထိထိရောက်ရောက်မလုပ်နိုင်တော့တာကြောင့်ဖြစ်တယ်၊ ဒါကြောင့် ဒီလိုအခြေအနေမျိုးမှာ မိမိကိုယ်ကိုကြိုတင်ကာကွယ်ဖို့ကအရမ်းအရေးကြီးပါတယ်” ဟု အိန္ဒိယပြည်ပ ရေးရာဝန်ကြီး ဒေါက်တာ S. Jaishankar ကပြောဆိုသည်။
အကယ်၍ မြန်မာ့နိုင်ငံရေးအခြေအနေ ပြန်လည်ကောင်းမွန်လာပါက အိန္ဒိယအနေဖြင့် နယ်စပ်ခြံစည်းရိုးခတ်ရန် လိုအပ် မည်မဟုတ်ကြောင်း သို့သော်လည်း လက်ရှိပကတိအခြေအနေအရ အဆိုးဘက်ကိုသာဦးတည်နေခြင်းကြောင့် နယ်စပ်တလျှောက်ကိုခြံစည်းရိုးခတ်ကာ ကြိုတင်ကာကွယ်ရေးက ပိုမိုအရေးကြီးသည်ဟု အိန္ဒိယပြည်ပရေးရာဝန်ကြီးက ပြောသည်။
အိန္ဒိယဗဟိုအစိုးရသည် အိန္ဒိယ-မြန်မာ နယ်စပ် လွတ်လပ်စွာ လှုပ်ရှားသွားခွင့် FMR ကိုဖျက်သိမ်းပြီး ကီလိုမီတာ ၁၆၀၀ ကျော်ရှည်လျားသော နယ်စပ်တစ်လျှောက်ကို ခြံစည်းရိုးကာရန် စီစဉ်နေပြီး မီဇိုရမ်ပြည်နယ်အစိုးရ နှင့် မီဇိုရမ်ပြည်နယ် က အရပ်ဖက်အဖွဲ့အစည်းများက ဆန့်ကျင်ကန့်ကွက်နေကြသည်။