(003PT)
ချင်းပြည်နယ် မတူပီမြို့နယ် လိုင်လင်းပီမြို့တွင် စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ ၄ ဦး သေဆုံးပြီး ၃ ဦး ထိခိုက်ဒဏ်ရာရရှိကာ ပြည်သူအယောက် ၇၀၀၀ ကျော်တို့မှာ မြို့ကိုစွန့်ခွာထွက်ပြေးတိမ်းရှောင်နေကြရသည်ဟု ဒေသခံများထံမှ သိရသည်။
နိုဝင်ဘာလ ၁၉ ရက်နေ့ မနက် ၉ နာရီအချိန်ကစပြီး ယနေ့ နိုင်ဝင်ဘာလ ၂၁ ရက်နေ့အထိ စစ်ကောင်စီက တိုက်လေယာဥ် ဖြင့် ဆက်တိုက် ဗုံးကြဲတိုက်ခိုက်မှုများ လုပ်ဆောင်နေသည်ဟု လိုင်လင်းပီမြို့ ဒေသခံတစ်ဦးက ပြောသည်။
“သေတာက အခုဆို လေးယောက်ရှိပြီ ပြည်သူပဲ။ အခု ဒဏ်ရာရက သုံးယောက်ရှိတယ်။ သူတို့ကစစ်တော့ရှောင်တယ် ဒါပေမဲ့ အဖိုးတို့အဘွားတို့ ရှိတဲ့နေရာမှာနေတာလေး၊ သူတို့က သေးပေါက်ချင်လို့လား၊ အိမ်သာတက်ချင်လို့လား အဲ့ဒီမှာ အပြင်ထွက်ပြီးတော့ အဲ့ဒီမှာ စစ်ကောင်စီက လေယာဥ်ကနေ ပစ်လိုက်တာ” ဟု ဒေသခံတစ်ဦးက ပြောသည်။
လိုင်လင်းပီမြို့က အင်အား ၃၀ ကျော်ခန့်ရှိသော စစ်ကောင်စီအထိုင်စခန်းကို နိုဝင်ဘာလ ၁၉ ရက်နေ့ကစပြီး ချင်းကာကွယ် ရေးပူးပေါင်းတပ်ဖွဲ့က ဒရုန်း (Drone) ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်ကလည်း ပြန်လည်တိုက်ခိုက်ကာ တိုက် လေယာဥ်ဖြင့် လေကြောင်းပစ်ကူမှုများ ပြုလုပ်ခဲ့သည်။
ဗုံးကြဲတိုက်ခိုက်မှုကြောင့် သေဆုံးသူ ပြည်သူ နှစ်ဦးမှာ အသက် ၅၀ ကျော် အရွယ်ရှိ အမျိုးသား ဦး Mecha နှင့် ဦး ငူခါး တို့ ဖြစ်ကြပြီး ကျန် ၂ ဦး၏ အလောင်းမှာ မကောက်ယူနိုင်သေးသောကြောင့် မည်သူမည်ဝါဖြစ်ကြောင်း အတည်မပြုနိုင်ကြ သေးပေ။
ထို့အပြင် ပြည်သူ ၃ ဦးမှာ ထိခိုက်ဒဏ်ရာ အပြင်းထန် ရရှိခြင်းကြောင့် လွတ်မြောက်နယ်မြေဖက်တွင် အရေးပေါ် ဆေးကုသမှုခံယူနေကြရသည်ဟု သိရသည်။
လိုင်လင်းပီမြို့က ပြည်သူအများစုမှာ အနီးနားက ကျေးရွာများနှင့် အိန္ဒိယနယ်စပ်ဖက်သို့ စစ်ဘေးတိမ်းရှောင်ကြပြီး တချို့ မှာ သွားလာရေးအခက်ခဲကြောင့် တောင်ယာနှင့် တောစပ်နေရာတွင် တိမ်းရှောင်နေကြရသည့်အတွက် အစားအသောက်၊ နေရာထိုင်ခင်းအရေးပေါ် လိုအပ်နေသည်ဟု စစ်ဘေးရှောင်ကူညီနေသူ ဒေသခံတစ်ဦးက ပြောသည်။
“အခု လိုင်လင်းပီမှာ တစ်ယောက်မှမရှိတော့ဘူး။ အခုတောမှာနေတဲ့သူတွေလည်းရှိတယ်။ သူများရွာမှာနေတဲ့သူတွေ လည်း ရှိသေးတယ်။ သူတို့မှာ ဆန်တွေ အဝတ်အစားတွေမပါတော့ဘူးဆိုတော့ အခက်ခဲတွေက တအားကြုံတယ်။ မနေ့ညက လိုင်လင်းပီမှာက မိုးရွာတယ် တောမှာနေတဲ့သူတွေလည်း plastic (မိုးကာ) တွေမပါလာတော့ဘူးလေး အဲ့ဒါကြောင့် မိုးရွာတဲ့ အခါမှာ သူတို့အခက်ခဲရှိနေတယ်” ဟု စစ်ရှောင်ကူညီနေသူ ဒေသခံတစ်ဦးက ပြောသည်။
လေကြောင်းတိုက်ခိုက်မှုကြောင့် စာသင်ကျောင်းအဆောက်အုံ၊ ခရစ်ယာန်ဘုရားကျောင်း အဆောက်အအုံအပါအ၀◌င် လူနေအိမ် ၅၀ ထက်မနည်း ထိခိုက်ပျက်စီးမှုရှိကြောင်း သိရပြီး အဆောက်အအုံထိခိုက်ပျက်စီးမှု ထပ်တိုးလာနိုင်ခြေရှိ သည်ဟု ၎င်းကပြောသည်။
နို၀င်ဘာလ ၂၁ ရက်နေ့တွင် ပစ်ခတ်မှုမရှိတော့သော်လည်း စစ်ကောင်စီတပ်က နေ့လည် ၁၁ နာရီ ၅၀ မိနစ် အချိန်ခန့်တွင် လေကြောင်းဖြင့်ထပ်မံဗုံးကြဲတိုက်ခိုက်မှု ဆက်လက်လုပ်ဆောင်ခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။