04SS
ချင်းပြည်နယ် ဟားခါးမြို့တွင် အမျိုးသားတစ်ဦး တောထဲဆိတ်အစာထွက်ရှာနေစဉ် မိုင်းနင်းမိ၍သေဆုံးခဲ့ပြီး ၎င်းကို သွားရောက်ရှာဖွေသော အမျိုးသမီးတစ်ဦးအပါအဝင် ၅ ဦးလည်း မိုင်းပေါက်ကွဲမှုကြောင့် ထပ်မံထိခိုက်ဒဏ်ရာရ ရှိခဲ့သည်ဟု သိရသည်။
ဟားခါးမြို့၊ မြို့သစ်ရပ်ကွက် ဂေါက်ကွင်းနားတွင်နေထိုင်သူ ဦးချန်ကီယာန်းသည် မေလ ၂၄ ရက်နေ့နံနက် ၁၁ နာရီဝန်းကျင်တွင် ဟားခါးမြို့ပြင် နည်းပညာကျောင်းနှင့် ဝန်ကြီးအိမ်ရာအကြား အငှါးအိမ်ရာအနီးတစ်ဝိုက်သို့ ဆိတ်အစာထွက်ရှာ စဉ် မိုင်းနင်းမိခြင်းဖြစ်သည်ဟု ဟားခါးဒေသခံများထံမှသိရသည်။
နေအိမ်သို့ပြန်ရောက်မလာနိုင်သော ဦးချန်ကီယာန်းကို မိသားစုဝင်များက ဗုံးပေါက်ကွဲသံကြားခဲ့သော တောင်ယာလုပ်နေသည့် အမျိုးသမီးတစ်ဦးနှင့်အတူ မေလ ၂၅ ရက်နေ့ မနက်ပိုင်း ၈ နာရီဝန်းကျင်တွင် သွားရောက်ရှာဖွေရာမှာ မိုင်းထပ်မံပေါက်ကွဲမှုကြောင့် ၅ ဦးစလုံး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု သေဆုံးသူနှင့် နီးစပ်သူတစ်ဦးက ပြောသည်။
“သေဆုံးသူရဲ့တူက ရှေ့မှာသွားတာ မိုင်းနင်းမိပြီးတော့ ခြေထောက်ပြတ်သွားတယ်၊ နောက်တစ်ယောက်က ဒူးတဝိုက်ရယ် မျက်နှာမှာရော ဒါဏ်ရာရတယ် တော်တော်ပြင်းထန်တယ် ပြီးတော့ အဲဒီအမျိုးသမီးကလဲ ဒါဏ်ရာရတယ်လို့ကြားတယ် ထိခိုက်တဲ့သူကတော့ စုစုပေါင်း ၅ ယောက်ပေါ့နော် အခုဆေးရုံမှာကုသမှုခံယူနေကြတယ်” ဟု သေဆုံးသူနှင့် နီးစပ်သူတစ်ဦးက ပြောသည်။
၎င်းတို့ ၅ ဦးမှာ ပြင်းထန်ဒါဏ်ရာများရရှိသောကြောင့် ဟားခါးမြို့ဆေးရုံသို့ပို့ဆောင်ကာ ကုသမှုခံယူနေကြဆဲဟု သိရသည်။
မိုင်းပေါက်ကွဲမှုကြောင့် သေဆုံးခဲ့သည့် ဦးချန်ကီယာန်းကို ရုပ်အလောင်းကို မေလ ၂၅ ရက်နေ့ ညနေ ၅ နာရီအချိန်၌သာ သွားရောက်သယ်ယူခဲ့နိုင်ခဲ့ကြောင်း ၎င်းတို့နှင့် နီးစပ်သူတစ်ဦးကပြောသည်။
“ဦးချန်ကီယာန်း သေသွားပြီဆိုတာသိတယ် ဒါပေမဲ့ စစ်သားတွေက အလောင်းကို မသယ်ခိုင်းဘူး စစ်သားတွေက သူတို့လာမယ်လို့ပြောတယ်တဲ့၊ ဒါပေမဲ့ မလာကြတော့ ညနေကျမှ သွားရောက်သယ်ကြတာ” ဟု သေဆုံးသူမိသားစုနှင့် နီးစပ်သူတစ်ဦးက ပြောသည်။
ဦးချန်ကီယာန်း၏ ရုပ်အလောင်းကို ယနေ့နံနက် ၉ နာရီတွင် ခရစ်ယာန်းထုံးထမ်းစဉ်လာအရ အသုဘချသဂြိုလ်ခဲ့ကြသည်ဟု သိရသည်။