(03PT)
ကမ္ဘောဒီးယာနိုင်ငံတွင် ကျင်းပလျှက်ရှိသည့် အရှေ့တောင်အာရှအားကစား (Sea Game) ပြိုင်ပွဲတွင် မြန်မာနိုင်ငံကိုယ်စား ဝင်ရောက်ယှဉ်ပြိုင်ကြသော ချင်းအားကစားသမား နှစ်ဦးသည် ရွှေတံဆိပ်ဆုအသီးသီးဆွတ်ခူးရရှိသည်ဟု သိရသည်။
၃၂ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် ဗိုမီနမ် အားကစားနည်းဖြစ်သော အမျိုးသား နှစ်ယောက်တွဲ အပြပြိုင်ပွဲကို အင်ဒိုနီးရှား၊ မြန်မာ၊ ဗီယက်နမ်၊ ကမ္ဘောဒီးယားနှင့် လာအိုနိင်ငံတိုမှ ပါဝင်ယှဉ်ပြိုင်ကစားခဲ့ရာ မြန်မာနိုင်ငံ ကိုယ်စားပြုယှဉ်ပြိုင်ကြသော ချင်းတိုင်းရင်းသား ဆလိုင်းမနားကွီးနှင့် မောင်တင်ထူးဇော်တို့က ရမှတ် (၂၇၀) မှတ်ဖြင့် ရွှေတံဆိပ်ဆု ဆွတ်ခူးရရှိနိုင်ခဲ့ကြသည်။
ထို့အပြင် ယနေ့ မေလ ၈ ရက်နေ့တွင် ကျင်းပခဲ့သော တစ်ဦးချင်း အမျိုးသား ဓားတစ်လက်အပြ ကစားနည်းပြိုင်ပွဲတွင် မြန်မာနိုင်ငံကိုယ်စားယှဉ်ပြိုင်သော ဆလိုင်းအိုက်စိုးလင်းကလည်း ရွှေတံဆိပ်ဆုကို ထပ်မံဆွတ်ခူးရရှိခဲ့ကြောင်း သိရသည်။
ဆလိုင်းမနားကွီးသည် ချင်းပြည်နယ် ကန်ပက်လက်ဇာတိဖြစ်ပြီး လွန်ခဲ့သော ၂၀၁၇ ခုနှစ် အိန္ဒိယနိုင်ငံတွင် ကျင်းပသော ဗိုဗီနမ် လေးယောက်တွဲ ပြိုင်ပွဲတွင်လည်း ရွှေတံဆိပ်ဆုနှင့် နှစ်ယောက်ပြိုင်ပွဲတွင် ကြေးတံဆိပ်ဆု ဆွတ်ခူးခဲ့ပြီးဖြစ်သည်။
၂၀၁၉ ခုနှစ် မြန်မာနိုင်ငံ တိုင်းနှင့် ပြည်နယ် ဗိုဗီနမ် အမျိုးသား ဓားတစ်လက်အပြ ပြိုင်ပွဲတွင် ချင်းပြည်နယ်ကိုယ်စား ယှဉ်ပြိုင်ခဲ့ရာလည်း ရွှေတံဆိပ်ဆု နှင့် ငွေ တံဆိပ်ဆု ရရှိခဲ့သည်ဟုသိရသည်။
ဆလိုင်းအိုက်စိုးလင်းမှာ ချင်းပြည်နယ် ပလက်ဝဇာတိဖြစ်သည်။
ယခု ကျင်းပလျက်ရှိသော ၃၂ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် အိမ်ရှင် ကမ္ဘောဒီးယားနိုင်ငံအပါဝင် မြန်မာ၊ အင်ဒိုနီးရှား၊ လာအို၊ မလေးရှား၊ ဖီလိပိုင်၊ စင်ကာပူ၊ ထိုင်း၊ ဗီယက်နမ်၊ တီမော-လက်စတီနှင့် ဘရူနိုင်း စသည့် ၁၁ နိုင်ငံတို့မှ မေလ ၅ ရက်နေ့မှ ၁၇ ရက်နေ့အထိ ယှဉ်ပြိုင်ကြမည်ဖြစ်ပြီး အားကစား ၃၂ မျိုးပါဝင်ကြောင်း သိရသည်။