(03PT)
အိန္ဒိယ-မြန်မာနယ်စပ် ချင်းပြည်နယ် ရိဒ်ခေါဒါရ်မြို့ တွင် ယမန်နေ့ နေ့လည်အချိန်ခန့်က အမျိုးသားတစ်ဦးမှာ ရိုက်နက်ခံရမှုကြောင့် သေဆုံးခဲ့ကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။
ဖလမ်းမြို့နယ် ရိဒ်ခေါဒါရ်မြို့ အမှတ် (၂) ရပ်ကွက်တွင်နေထိုင်သူ အသက် ၅၅ နှစ်အရွယ်ရှိ ဦး Pau Khaw Zaam ကို Boihi ဆိုသူအမျိုးသမီးတစ်ဦးက ဦးခေါင်းတွင် ရိုက်နက်မှုကြောင့် ဒဏ်ရာအပြင်းထန်ရရှိပြီး အိန္ဒိဖက်ခြမ်းရှိ ဆေးခန်းတွင် ကုသမှုခံယူနေစဥ် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။
“Boihi က ကားတာယာလုပ်တဲ့ သံချောင်းနှင့်ရိုက်တာ၊ ပြီးတော့ Zokhawthar က Mercy Clinic ဆေးခန်းကို ပို့ကြပြီးတော့ ဆေးခန်းရောက်ရောက်ချင်း အသက်ထွက်သွားတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။
Pau Khaw Zaam နှင့် Boihi တို့သည် ငွေးကြေးကိစ္စနှင့် စကားများရာမှ ယခုကဲ့သို့ လူသတ်မှုအထိ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟုသိရသည်။
ယခုလက်ရှိတွင် Boihi ဆိုသူကို ဒေသခံကာကွယ်ရေးတပ်ဖွဲ့များက ဖမ်းဆီးထိန်းသိမ်းထားပြီး ပြစ်မှုကျူးလွန်ရာ၌ ကြံရာပါများကိုလည်း ဆက်လက် စုံစမ်းစစ်ဆေးနေဆဲဖြစ်ကြောင်း သိရသည်။