Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Featured»#ချင်းလူမျိုးများရဲ့စစ်သမိုင်း (အပိုင်း ၁) – War History of Chin People (Part One)

#ချင်းလူမျိုးများရဲ့စစ်သမိုင်း (အပိုင်း ၁) – War History of Chin People (Part One)

0
By Editor on August 2, 2021 Featured

အမှန်တကယ်တွင် ချင်းတို့သည် စစ်နှင့်ယဉ်ပါးနေသောမျိုးနွယ်စုများဖြစ်သောကြောင့် စစ်ကိုခုံမင်ခဲ့ဖူးသော လူမျိုးများဖြစ်ခဲ့သည်ဟုဆိုပါက မှားမည်မထင်ပေ။ သို့သော် ချင်းလူမျိုးများအဘယ်ကြောင့် လက်နက်ကိုင်ခဲ့သည်၊ တိုက်ပွဲဝင်ခဲ့သည်ဆိုသည်ကို သေချာလေ့လာဆန်းစစ်ရန်လိုအပ်ပေသည်။ ထိုဆန်းစစ်ချက်များမှ တဆင့် မိမိတို့၏အမှားနှင့် အမှန်ကိုသုံးသပ်ကာ ပိုမိုကောင်းမွန်သော အနာဂတ်ကိုပြင်ဆင်နိုင်ရန်ရည်ရွယ်ပါသည်။

မြန်မာသမိုင်းဆရာကြီး ဒေါက်တာသန်းထွန်းက ဗမာလူမျိုးများ အေဒီ ၉ ရာစုခန့်က မြန်မာနိုင်ငံ အလယ်ပိုင်း သို့ဝင်ရောက်ရာတွင် ချင်းတွင်းမြစ်ဝှမ်းနှင့် ဧရာဝတီမြစ်ဝှမ်းတွင် ရှိနှင့်နေထိုင်နှင့်သော ချင်းတို့နှင့် တိုက်ခိုက် ရခြင်းမရှိသောကြောင့် မိတ်ဆွေရင်း၊ အချင်းချင်းသင့်မြတ်သောလူမျိုးများဖြစ်သောကြောင့် “ချင်း” ဟူသော အမည်ဖြင့်ခေါ်ကြောင်းဆိုပေသည်။ သို့သော် ပုဂံခေတ်နှင့် နောက်ပိုင်းကာလများတွင် ချင်းလူမျိုးများ ချင်း တောင်တန်းများဆီသို့ရွှေ့ပြောင်းရခြင်းသည် လူမျိုးစုစစ်ပွဲများ၊ နောက်ရောက်လူမျိုးများကြောင့် ပင်ဖြစ်သည် မဟုတ်ပါလော။ မှတ်တမ်းမှတ်ရာများမရှိသောကြောင့် ရှေးကျသော စစ်ပွဲများအကြောင်းကို မသိရှိနိုင်တော့ပေ။ ထို့ကြောင့် ချင်းတောင်တန်းနှင့် ပတ်ပတ်လည် မြေပြန့်ဒေသများတွင်နေထိုင်သည့်အချိန်မှ လက်လှမ်းမှီရာမှတ်တမ်းများအရ ချင်းတို့၏ စစ်သမိုင်းအကျဉ်းကိုဖော်ပြအပ်ပါသည်။

(၁) #သက်ဦးဆံပိုင်ဘုရင်များလက်အောက်ခံခေတ် (Tributary War Period)

မြေပြန့်ဒေသတွင်နေထိုင်သော ချင်းမျိုးနွယ်စုများသည် နီးစပ်ရာ သက်ဦးဆံပိုင်ဘုရင်များနှင့် ဆက်သွယ်မှု ပိုမိုများပြားခဲ့ကြသကဲ့သို့ သြဇာခံများလည်းဖြစ်တတ်ကြပါသည်။ အထူးသဖြင့် ရခိုင်ဘုရင်များ၊ မြန်မာဘုရင်၊ ကသည်းဘုရင်များ အားအထူးသြဇာခံကြကြောင်းကိုတွေ့မြင်နိုင်လေသည်။ #ကံရာဇာကြီးမင်း(အေဒီ ၃၅၀-၁၁၀၀) ၏တပ်တော်တွင် ပါဝင်သောလူမျိုးများတွင် ချင်းတို့ကိုစတင်တွေ့ ရလေသည်။ မောရင်း ၃ဝဝဝ ကို မျဉ်တည် (မေတေး-Meitei)တပ်၊ ချင်း ၃ဝဝဝ ကို ရာဇဂြိုဟ်တပ်ဟုဖော်ပြထားသည်။ ရာဇဂြိုဟ်သည် ကလေးမြို့မြောက်ဖက်နားတွင်တည်ရှိသည်။ #ရခိုင်ဘုရင်မင်းဖလောင်းလက်ထက် (၁၆၁၂- ၁၆၂၂) အရှေ့သို့ စစ်ချီရာတွင်လည်း “ညီတော်ကုလတန်စား ချစ်နှောင်းကိုလည်း မြုံ၊ သက်။ လင်းကဲ၊ ချင်း၊ ချော်၊ ခွေးမွေး။ လေးတူး။ တဲခွ။ ချောင်း သား။ ကတူး။ ချုပ်လဟော်လူမျိုးတို့နှင့်။ ဖိုးခေါင် တောင်အရှေ့ ဘက်ကျေးရွာ သို့ချီ တက်စေသည်။ မြန်မာမင်း များလက်အောက်တွင်လည်း စစ်မှုထမ်းခဲ့ရာ တောင်ငူခေတ် #ဘုရင်နောင်မင်းတရား (၁၅၅၁-၈၁)နှင့် အင်းဝခေတ် #အလောင်းဘုရားမင်းတရား(၁၇၅၂-၆၀)တို့၏တပ်တော်တွင် ချင်းစစ်တပ်စစ်သည်များပါဝင်ခဲ့ကြောင်း တွေ့ရလေသည်။ အထူးထင်ရှားသည်မှာ ကုန်းဘောင်ခေတ်နှောင်းပိုင်းတွင် #လောင်းရှည်တပ် သည် နာမည် ကြီးခဲ့ရာ အများအားဖြင့် ချင်းလူမျိုးများဖြစ်လေသည်။

-//ထိုအချိန်က ချင်းတို့ စစ်တိုက်ရခြင်း၏ အကြောင်းရင်းမှာ မိမိတို့သဘောဆန္ဒမပါဘဲ မိမိတို့သြဇာခံထားသော ဘုရင်များ၏ အမှုအခင်းအရေးအရာများအတွက် အသက်စွန့်ကာ စစ်တိုက်ရခြင်းဖြစ်ပါသည်။ တခါတရံ တွင်မင်းညီမင်းသားများအချင်းချင်းစိတ်ဝမ်းကွဲလျှင်လည်းကောင်း၊ စော်ဘွားနယ်စားများ မတည့်လျှင်လည်းကောင်း၊ ခေါင်းဆောင်များအချင်းချင်းအာဏာလုလျှင်လည်းကောင်း လက်အောက်ခံလူမျိုးစုများသည် အနေအထိုင်ကြပ်တည်းရလေသည်။//-

(၂) #မျိုးနွယ်စုစစ်အင်အားပြိုင်ဆိုင်မှုခေတ် (Inner and Outer Tribal War Period)

တောင်တန်းများပေါ်တွင်နေထိုင်သော ချင်းမျိုးနွယ်စုများအကြားတွင် ပဒေသရာဇ်စနစ်ဖြစ်ထွန်းလာသည်နှင့် အမျှ အုပ်ချုပ်သူလူတန်းစားတစ်ရပ်ပေါ်ထွန်းလာပါသည်။ Ukpi, Haosa, Mi Uk, Bawi, ချင်းကဲ၊ တောင်မင်း၊ ချောင်းမင်း စသည်ဖြင့် ပေါ်ပေါက်လာပါသည်။ အထူးသဖြင့် ချင်းတောင် မြောက်ဖက်ပိုင်းမျိုးနွယ်စုများသည် မျိုးနွယ်စုစစ်ပွဲများကို အကြီးအကျယ်ဆင်နွဲခဲ့ကြပါသည်။ Tlasun-Hakha-Lushai-Sakta-Zahau-Kamhau-Hualngo-Sizang-Thado စသည့်မျိုးနွယ်စုများအကြားဖြစ်ပွားသော မျိုးနွယ်စုအားပြိုင်သည့် #မျိုးနွယ်စုစစ်ပွဲများ(Tribal War) သည် အလွန်ပြင်းထန်ခဲ့ပေသည်။ တောင်ဖက်တွင် မြို-ခမီး-ခူမီး-ရှမ်းဒူ(မရာ၊ လိုင်)များအကြားတွင်လည်း မျိုး နွယ်စုများ ထိတွေ့မှု များရှိခဲ့လေသည်။ လောင်းရှည်နယ်မှ မျိုးနွယ်စုများနှင့် စလင်း၊ စေတုတ္တရာနယ်မှ ချင်းများလည်း အချင်းများခဲ့ကြရာ ဘုရင့်နားတော်အထိပေါက်လေသည်။

ထို့အပြင် အခြားပြင်ပလူမျိုးများဖြစ်သော ရှမ်း၊ ဗမာ၊ ကသည်း၊နာဂများနှင့်လည်း တိုက်ခိုက်မှုများရှိနေခဲ့ပါသည်။ တောင်ပေါ်ချင်းမျိုးနွယ်စုများသည် အနောက် ဖက်တွင် တြိပူရနယ်၊ မြောက်ဖက်တွင် အာသံ၊ မဏိပူရ၊ ဆွမ္မရာ၊ အရှေ့ဖက်တွင် မော်လိုက်၊ ကလေး၊ ဂန်ဂေါ၊ ထီးလင်း၊ လောင်းရှည်၊ တောင်ဖက်တွင် ရခိုင်စသည့် နယ်မြေများနှင့်လည်း အခါအားလျော်စွာ စစ်ပွဲများ ဆင်နွှဲရလေ့ရှိသေည်။ ထီးလင်း-ဂန်ဂေါ-ဆော-လောင်းရှည်မြို့စားစော်ဘွားများ အားပြိုင်ရာတွင် ချင်းကျေးရွာများသည်အမြဲပင်ပါဝင်ခဲ့ရလေသည်။ ချင်းတောင်မြောက်ပိုင်းတွင် Meitei နှင့် Kamhau -Sukte တို့အကြားလည်းကောင်း၊ ရခိုင်ဒေသတွင် ရခိုင်နှင့်လေးမြို့ချင်း၊ ရခိုင်နှင့် မီးချောင်းမြိုချင်း၊ ရခိုင်နှင့်မရာချင်း တို့အကြား ပြင်းထန်သော တိုက်ခိုက်မှုများရှိခဲ့လေသည်။ ဂန်ဂေါစော်ဘွားနှင့် Zokhua-Hakha မျိုးနွယ်စုများအကြား၊ ကလေးစော်ဘွားနှင့် Tlasun-Siyin မျိုးနွယ်များအကြားဖြစ်ပွားသောစစ်ပွဲများမှာ ထင်ရှားလေသည်။

-//ထိုသို့မျိုးနွယ်စုစစ်ပွဲ များဆင်နွှဲတိုက်ခိုက်ရခြင်းမှာ (က)နယ်မြေချဲ့ထွင်လိုခြင်း (ခ)သြဇာသက် ရောက်စေလို ခြင်း (ဂ)လက်ရပစ္စည်းများသိမ်း ပိုက်လိုခြင်း (၄)ရန်ညှိုးရန်စလက်စားချေလိုခြင်း (၅)ရဲစွမ်းသတ္တိပြသလိုခြင်း (၆) ပတ်ဝန်းကျင်လူမျိုးကြီးများကျူးကျော်လာခြင်းအား တိုက်ခိုက်ခြင်းစသောအချက်များကြောင့်ဖြစ်လေသည်။//-

(၃)#နယ်ချဲ့ခုခံတော်လှန်ရေးခေတ် (Colonial Resistance Period)

ချင်းတို့နေထိုင်သော တောင်တန်းဒေသများအား ဝင်ရောက်သိမ်းပိုက်ခြင်းကို Expedition များအဖြစ်တွေ့မြင်နိုင်သည်။ ပထမအင်င်္ဂလိုဘားမားစစ်ပွဲအပြီးတွင် ဗြိတိသျှတို့သည် ရခိုင်ဒေသကိုသိမ်းပိုက်လာပါသည်။ သို့ရာ တွင် ယနေ့ ပလက်ဝဒေသ၊ ယခင်က ရခိုင်မြောက်ပိုင်းတောင်တန်းဒေသအား ၁၈၄၁-၁၈၄၈ အကြားတွင် Colonel Fytche ဦးဆောင်မှုဖြင့် စစ်ကြောင်းများဖြန့်ကာ တိုက်ခိုက်သိမ်းယူလေသည်။ ထိုသို့တိုက်ခိုက်သိမ်းယူရာတွင် ခုခံကာကွယ်မှုများကြောင့် ခုနှစ်နှစ်တိုင်တိုင်တိုက်ခိုက်ရလေသည်။ ၄င်းကျူးကျော်မှုအား တောင်မင်းဆိန်ဒါ၊ တောင်မင်းဆပန်နှင့် နောက်ပိုင်းတွင် တောင်မင်းမိုင်ဟူး၊ ဆိုင်တန်၊ တောင်မင်းလဟောက်၊ တောင်မင်းတောဝိုက်၊ တောင်မင်းလိန်ငဲ့၊ တောင်မင်းဟွေ့တန်၊ တောင်မင်းလိုင်ခိုး၊ တောင်မင်းဘဟေ စသော ခမီး၊မြို၊ခူမီးခေါင်းဆောင်တို့ပူးပေါင်းကာ တွန်းလှန်တိုက်ခိုက်လေသည်။

၁၈၉၀ တွင် #ရနန် (Yanan Expedition) ဖြင့် ကျောက်ဖြူ၊ မင်းပြားတောင်တန်းများရှိချင်းများ အားသိမ်းသွင်းလေသည်။

၁၈၇၁-၇၂ အကြားတွင် လူရှိုင်းတောင်တန်းသိမ်းသွင်းခြင်း(Lushai Expedition) အား General Brownlow က စစ်တကောင်းတောင်တန်းဖက်မှလည်းကောင်း၊ Gen. Bourchier က ကချာဖက်မှ လည်းကောင်း ဦးဆောင်တိုက်ခိုက်လာသည်။

၁၈၈၇ ကတည်းက အင်္ဂလိပ်တို့သည် ကြိုတင်ပြင်ဆင်ထားကာ ၁၈၈၉-၉၀ ခုနှစ်တွင် ချင်း-လူရှိုင်းစစ်ဆင် ရေးကိုအကြီးအကျယ်ပြင်ဆင်ကာထိုးစစ်ဆင်လေသည်။ အင်္ဂလိပ်တို့သည် ချင်းတောင်အားသိမ်းပိုက်ရန်အတွက် စစ်ကြောင်းသုံးကြောင်းအသုံးပြုရလေသည်။ #ပထမစစ်ကြောင်းမှာ Deputy Commissioner Captain Rake, General George White, Lt.Colonel Skene ဦးဆောင်ကာ စစ်သည် ၁၇၉၀ ဖြင့် ကလေး၊ ဖော့တဝှိုက်၊ ရှယ်လုံး၊ တီးတိန်လမ်းကြောင်းဖြစ်သည်။ #ဒုတိယမှာ Brig. General Symon ခေါင်းဆောင်ကာ အင်အား ၁၆၉၁ နှင့် ပခုက္ကူ၊ ဂန်ဂေါ၊ ဟားခါးနှင့် #တတိယ General Tregear ဦးဆောင်သည် အင်အား၃၄၀၀ ပါသောစစ်တကောင်းလမ်းကြောင်း ဖြစ်ပြီး စစ်တကောင်း၊လုံလဲ၊ ဟားခါး၊ ဖလမ်းလမ်းကြောင်းတို့ဖြစ်လေသည်။

ယင်းထိုးစစ်များအားစီယင်း-ဆုတ်သဲ-ကမ်ဟောင်ပူးပေါင်းကာ ၁၈၈၉ တွင်ဂတိသစ္စာပြုကာ ကမ်ဟောင် အင်အား ၄၀၀ ကျော်အား ဦးခေါ် ကျင်၊ စီးယင်း ၆၀၀(၁၂၀၀ ဟုလည်းဆို) ကျော်အား ဦးခိုင်ကမ်းမှ လည်း ကောင်း၊ အခြား ၃၀၀ ကျော်အား ဦးထန်းဇံမှ လည်းကောင်း ဦးဆောင်ခုခံလေသည်။ နောက်ပိုင်းတွင် ဗိုလ်ကမ်းဆွတ်နှင့် အင်အားသည်လည်းလာရောက်ပူး ပေါင်းလေသည်။ အင်္ဂလိပ်များဖက်မှ တပ်သားအင်အား ၂၅၅၀ ယောက်ဖြင့်တိုက်ခိုက်လေသည်။

၁၈၈၉ခုနှစ်တွင် #တာရွှန်းကောင်စီခေါင်းဆောင် များသည် တာရွှန်းနယ်၊ ဇာဟောင်နယ်၊ ဟွာလ်ငိုနယ်မှ အင်အား ၅၀၀၀၊ သေနတ်ကိုင် ၃၀၀၀၊ ဓါးလှံကိုင် ၂၀၀၀ ဖြင့် အင်္ဂလိပ်တို့၏ ထိုးစစ်ကို ခုခံကာ ကွယ်ကြ လေသည်။ အင်္ဂလိပ်တို့ကစစ်ကြောင်းနှစ်ကြောင်းနှင့်တိုက်ခိုက်လာသည်။ထို့ကြောင့်နောက်ဆုံးတွင် အင်္ဂလိပ်တို့၏ ညှိနှိုင်းမှုကြောင့် အညံ့ခံလိုက်လေသည်။

ဟာခါးနယ်ကိုသိမ်းပိုက်ရန်အတွက် ၁၈၈၉ ခုနှစ်တွင် အင်အား ၁၈၆၉ ပါဝင်သော အဖွဲ့နှင့်ချီတက်လာရာ ဇိုခွါး၊ ဆတ်သားမှ ဦးဗန်မှုန်၊ ဆူရ်ခွါးမှ ဦးမာန်ကုန်း၊ ဟားခါးဒေသမှ ဦးလျန်မှုန်ချင်းနှင့် ဇိုတုန်နယ်မှခေါင်းဆောင်များ၊ ထန်တလန်နယ်မှ ဦးလာလ်လွဲတို့သည် မိမိတို့ရရာလက်နက်များဖြင့် ခုခံတိုက်ခိုက်လေသည်။ ၎င်းတို့သည် ရာမ်ကာမာတီ၊ လုံလေ၊ ဟားခါး လမ်းကြောင်းမှ ချီတက်တိုက် ခိုက်ခဲ့သည်။ ၎င်းစစ်ကြောင်းကို ချင်းခေါင်း ဆောင် Pu Jahuata နှင့် Pu Hausata (Lungtian) တို့က ဦးဆောင်ပြီး ခုခံတိုက် ခိုက်ခဲ့သည်။ ထို့ပြင် ထန်ယန်းတိုက်ပွဲအတွင်း ချင်းခေါင်းဆောင် လာလ်လွဲ (ဇဟွတ်အား၏ ညီ)က ပြင်းထန်စွာ ပြန်လည်ခုံခံ တိုက်ခိုက်ခဲ့ရာ ဗြိတိသျှတပ်ခွဲမှူး ဗိုလ်စတီးဝပ် ကျဆုံး ခဲ့သည်။ စစ်တကောင်းစစ်ကြောင်းမှ ကပ္ပတိန် Rundall နှင့် ဂန့်ဂေါစစ် ကြောင်းသည် ၁၈၉၀ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၆)ရက်နေ့တွင် တွေ့ဆုံသည်။

အာသံစစ်မျက်နှာ၊ ကချစစ်ကြောင်းကို Col. GJ Skinner ကဦးဆောင်ပြီး အင်အား (၇၀၀) ပါဝင်သည်။ ကချာစစ်ကြောင်း စစ်ကူအဖြစ် စစ်ပုလိပ်တပ်ဖွဲ့အား (WW Daly) ဦးဆောင်ပြီး ကူလီများ၊ ပန်ချာပီအင်အား (၂၅၁၁)၊ မဏိပူရီအင်အား (၇၈၂)၊ လားတပ် (၂၁၉၆)နှင့် ဆင်တပ်(၇၁) ပါဝင်သည်။ ၁၈၉၀ ဇန်နဝါရီ ၃၀ ရက်နေ့တွင် Cachar Column သည် Aijal (ယခု Aizawl)ကိုသိမ်းပိုက်နိုင်ခဲ့သည်။

ပခုက္ကူတောင်တန်းဟုခေါ်ဝေါ်ဖူးသော မင်းတပ်-ကန်ပက်လက်ဒေသသို့ ၁၈၈၆ တွင် ယခုမင်းတပ်သို့ အင်္ဂလိပ် များစတင်ရောက်ရှိဖူးလေသည်။ ၁၈၈၇ ခုနှစ်တွင် ထပ်မံဝင်ရောက်လာသော နယ်ချဲ့များအား စတင်ခုခံ လေသည်။ ထီးလင်း၊ ပေါက်၊ ယော၊ ဂန်ဂေါနယ်များမှ မျိုးချစ်ခေါင်းဆောင်များနှင့်ပူးပေါင်းကာ ပုံတောင်ပုံညာ တွင်စတင်ခုခံလေသည်။ ချင်းခေါင်းဆောင်များအနက် အွယ်သာနိန်းလိန်း၊ ရှယ်တမ်ဟာခွီရှိန်းတို့ဖြစ်သည်။ ၁၈၉၁ တွင် အင်္ဂလိပ်စစ်သည် ၃၀၀ ကျော်ချီတက်လာပြန်ရာ ထင်ရှားသည့်ချင်းခေါင်းဆောင်များမှာ ကီးရောက်နိန်၊ ဦးအောင်သာ၊ ဦးထမ်းပက်၊ ဦးဆွဲလွေနှင့်အခြားခေါင်းဆောင်များမှာထင်ရှားလေသည်။

၁၉၁၀ ခုနှစ်တွင် အထက်ချင်းတွင်းစီရင်စုမှ ချင်းများနေထိုင်သော ဆွမ္မရာတောင်တန်းဒေသအား အပြီးတိုင်လက်စသတ်သိမ်းပိုက်လိုက်လေသည်။ အင်္ဂလိပ်တို့သည် Makware ကျေးရွာသို့ စစ် ကြောင်း စေလွှတ်လိုက်လေသည်။ ၁၉၁၇ တွင် ချင်းတောင်တန်းအုပ်ချုပ်ရေးစည်းမျဉ်းများ ၁၉၁၇ တွင် သက်ရောက် စေပါသည်။

ဤသို့ဖြင့် ၁၈၉၅-၉၆ ခုနှစ် ကျရောက်သောအခါ ဗြိတိသျှက ချင်းပိုင်နက်နယ်မြေအများစုကို သိမ်း ပိုက်လိုက်သည်။ သိမ်းပိုက်ပြီးသောနယ်မြေများကို ၁၈၉၆ခုနှစ် ချင်းတောင်တန်းအုပ်ချုပ်ရေးစည်း မျဉ်းဖြင့် စတင်အုပ်ချုပ်ခဲ့သည်။

-//ထိုအချိန်ကာလက နယ်ချဲ့တို့အားခုခံတိုက် ခိုက်သည်ဆိုရာတွင် မိမိတို့ဘိုးဘေးပိုင်နက်အတွင်းကျူးကျော်ဝင်ရောက်လာခြင်းမခံလိုခြင်း၊ ကိုလိုနီတို့၏ စိုးမိုးအုပ်ချုပ်ကာ မိမိတို့အချုပ်အချာဆုံးရှုံးရမည် ကိုစိုးရိမ် သော ကြောင့် စိတ်ကြောင့်လည်း ကောင်း၊ မိမိတို့၏ ဂုဏ်သိက္ခာထိပါးလာခြင်းကိုမခံလိုခြင်း စသည့်အချက်များကြောင့်ပင်ဖြစ်လေသည်။ ပြည်မမြန်မာဘုရင်ပါတော်မူခြင်းနှင့်တိုက်ရိုက်သက်ဆိုင်ခြင်းကားမရှိပေ။ မင်းတပ် -ကန်ပက်လက်နှင် တာရွှန်းခေါင်းဆောင်များသည် ဗမာ-ယော တော်လှန်ရေးသမားများ နှင့်ချိတ်ဆက်မှု အနည်းအများရှိခဲ့သော်လည်း တောင်ပေါ်ချင်းတော်လှန်ရေးခေါင်းဆောင်အများစုမှာချိတ်ဆက်ခြင်းမရှိခဲ့ချေ။//-

#နိဂုံး

ကနဦးပိုင်းချင်းလူမျိုးတို့၏ စစ်သမိုင်းကိုသုံးသပ်ကြည့်သောအခါ ချင်းလူမျိုးများသည် စစ်အမှုတွင် စိတ်အား ထက်သန်သောလူမျိုးများဖြစ်သကဲ့သို့ မိမိတို့ဇာတိမြေအားအလွန်အစွဲကြီးသော လူမျိုးများဖြစ်သည်ကို တွေ့နိုင် သည်။ ထို့ကြောင့် မျိုးနွယ်စုစစ်ပွဲများပြင်းထန်စွာဖြစ်ပွားခဲ့သည်မှာ ကိုလိုနီခေတ်ဦးအထိပင်ဖြစ်လေသည်။ ထို့နောက် ပြင်ပမှလူမျိုးခြားများဝင်ရောက်လာသောအခါတွင်လည်း လူမျိုးခြားများမိမိလူမျိုးများအားအုပ်စိုး လိုသည်ကိုမခံရပ်နိုင်သောကြောင့် အင်အားမမျှသော်လည်း ခုခံတိုက် ခိုက်တော်လှန်ခဲ့ကြလေသည်။

ချင်းလူမျိုးများအကြားမျိုးနွယ်စုစစ်ပွဲများပြင်းထန်ခဲ့ခြင်းမှာ ချင်းကဲ(စော်ဘွား)များအကြားသြဇာအာဏာ ဖြန့် ကျက်လိုခြင်း၊ လက်ရပစ္စည်းများသိမ်းပိုက်လိုခြင်းများနှင့် လက်စားချေလိုခြင်းများပြင်းထန်ပေသည်။ ချင်းလူမျိုး အားလုံးကိုခြုံငုံကြည့်မြင်တတ်ခြင်းမရှိခဲ့ချေ။ မိမိမျိုးနွယ်ကိုသာဗဟိုပြုစဉ်းစားတတ်လေသည်။ ထို့ကြောင့် #မျိုးနွယ်စုစစ်အင်အား ကိုသာတည်ဆောက်တတ်ခဲ့ကြလေသည်။ ချင်းတမျိုးသားလုံးနှင့်သက်ဆိုင်သော အမျိုးသားရေးဟူ၍ကားမရှိခဲ့ချေ။

#ချင်းလူမျိုးများ၏ခုခံတော်လှန်ရေးကျဆုံးရခြင်း၏အကြောင်းရင်းများမှာ

(၁) #လက်နက်အင်အားမမျှခြင်း
ထိုအချိန်က ရိုင်ဖယ်သေနတ်များ၊ အမြောက်များအသုံးပြုနေပြီး၊ အမြဲတမ်း တပ်မတော်ရှိနေသော အင်္ဂလိပ်တို့အား လက်လုပ်သေနတ်ကိုင် သာမန်ရွာသားချင်းလူမျိုးတစ်ယောက်မှ တိုက်ခိုက်ရခြင်း သည်လွယ်ကူသောအရာမဟုတ်ခဲ့ပေ။

(၂) #စည်းလုံးမှုအားနည်းခြင်း
ချင်းကဲ ချင်းခေါင်းဆောင်များသည် ခုခံစစ်ကိုတည်ဆောက်ရာတွင် နီးစပ်ရာ မျိုးနွယ်အနည်းငယ်စု စည်းအင် အားဖြင့်သာခုခံနိုင်လေသည်။ ချင်းတောင် တန်းတခုလုံးရှိ မျိုးနွယ်စုများကို စုစည်းခြင်း မပြုလုပ်နိုင်ခဲ့ချေ။ ခေါင်ဆောင်လည်းမရှိခဲ့ချေ။

(၃) #စစ်ဗျူဟာအားနည်းခြင်း
ဒေသအလိုက်သာခုခံစစ်ပြုရသော်လည်း စစ်ပညာကောင်းစွာသင်ကြားတတ် မြောက်ခြင်းမရှိခဲ့သောကြောင့် မျိုးနွယ်စုတော်လှန်ရေးလောက်သာဖြစ်တည်ခဲ့ပြီး ခိုင်မာသော အကာအကွယ်၊ စားနပ် ရိက္ခာထောက်ပံ့မှု၊ နောက်တန်းမှ မိသားစုများ၏ လုံခြုံရေး၊ လက်နက်အမြောက်အများရရှိနိုင်သည့် လက်နက်လမ်းကြောင်းစသည် တို့ကို မတည် ဆောက်နိုင်ခဲ့ချေ။

(၄) #မက်လုံးပေးခြင်း
ဒေသခံများအားများပြားသော မက်လုံးများပေးခြင်း၊ ရာထူးဖြင့်ဆွဲဆောင်ခြင်း၊ ချိုသာ သော ဆွဲဆောင်သည့် နည်းလမ်းများ အသုံးပြုသောကြောင့် ချင်းတော်လှန်ရေးအားနည်းသွား ရသည်ကို သတိ ပြုမိပါသည်။

(၅) #ပြင်းထန်စွာညှင်းပမ်းနှိပ်စက်ခြင်း
နယ်ချဲ့ဘက်တော်သားများသည် တော်လှန်ရေးကွင်းဆက်များအား လိုက်ရာတွင်လည်းကောင်း၊ လက်နက်များ သိုဝှက်ထားသည်ကိုလည်းကောင်းသိရှိရန် ဒေသခံများအား ညှင်းပမ်းနှိပ်စက်ခြင်းဖြင့်ပြုလုပ်လေ့ရှိပါသည်။

(၆) #ဒလန်အသုံးပြုခြင်း
ယခင်ကတည်းကပင် ကိုယ့်လူသူ့ဖက်သားများ အများအပြားရှိနေပြီဖြစ်သည်။ ချင်းကဲ (စော်ဘွား) အရိုက်အရာ အတွက်စိတ်သဘောမတိုက်ဆိုင်သူများ၊ စကားပြန်များအား အသုံးပြုခြင်းစသည်တို့ဖြင့် သတင်းများနှိုက် ယူခြင်း၊ လမ်းပြခြင်းများအား ပြုလုပ်စေသောကြောင့် တော်လှန်ရေးအင်အားစုများအား လွယ်ကူစွာဖြိုခွဲနိုင်ရခြင်းပင်ဖြစ်ပါတော့သည်။

၇) #ပထဝီနိုင်ငံရေးအလေးမသာခြင်း
ချင်းတောင်တန်းကြီးများ၏ တောင်ဖက်တွင် ရခိုင်၊ အနောက်ဖက်တွင် ဘဂ်လား၊ မြောက်ဖက်တွင် အာသံနှင်မဏိပူရ၊ အရှေ့ဖက်တွင် ဗမာပြည်ရှိရာ ထိုဒေသအားလုံးအားပတ်ပတ်လည် အဂ်လိပ်တို့က သိမ်းပိုက်ပြီးထားသဖြင့် ပထဝီနိုင်ငံရေးအရ ချင်းတို့ တပမ်းရှုံးနှင့်လေပြီ။ အကယ်၍ တရုတ်၊အင်ဒိုချိုင်းနား၊ ယိုဒယားတို့ဖြင့်ထိစပ်နေပါက ကံကြမ္မာသည် တစ်မျိုးတဖုံဖြစ်သွားမည်ဖြစ်ပေသည်။

#ရည်ညွှန်း

-ဒေါ့စွန်း၊ ချင်းအမျိုးသားများ၏နယ်ချဲ့ဆန့်ကျင်ရေးသမိုင်း၊ ၁၉၇၆။
-အရှင်စန္ဒာမာလလင်္ကာရ၊ ဓညဝတီရာဇဝင်
-ဌေးဝေ၊ ရခိုင်ရာဇဝင်သမိုင်း
-ဦးဝှေ့ပ၊ ခူမီးသမိုင်း၊ ၂၀၀၀၁။
-ဒေါက်တာသန်းထွန်း၊ ရှေးခေတ်ဟောင်းမြန်မာသမိုင်း။
-ဒေါက်တာတိုးလှ၊ ချင်းတွင်းမြစ်သာမူးဧရာ။
-Reed Commission, Frontier Area Committee of Inquiry, 1947
-Report on the Administration of British Burma, 1910-11.
-Vomson, Zo History
-Doorthy Wood, The Making of Burma

Photo crd
Kuki, Lushai, Chin Warriors

Ro Sang
1 August 2021

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

Palangvum (သို့) ပလက်ဝတွင် ဘာတွေဖြစ်နေလဲ

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 17, 2026

Palangvum (သို့) ပလက်ဝတွင် ဘာတွေဖြစ်နေလဲ

September 4, 2026

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
October 2, 2026

ရခိုင်ပြည်သူ အစုအပြုံလိုက်သေဆုံးရသော ကျောက်တော်ဗုံးကြဲခံရမှု CNF က အပြင်းအထန် ရှုတ်ချ

October 2, 2026

မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် တီးတိန်-ရိဒ်ကြား လမ်းပိုင်းဆိုးရွားစွာပျက်စီး

October 2, 2026

ချင်းပြည်မှာ သဘာဝဘေးဒဏ်နှင့် ရင်ဆိုင်နေရပြီဟု ချင်းလူမှုဖွံ့ဖြိုးရေးဝန်ကြီးပြော

September 30, 2026

မံဆောင်းတံတားတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ တီးတိန်သို့ ပြန်လည်ဆုတ်ခွာ

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.