Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Featured»ထန်တလန် (သို့မဟုတ်) ဒုက္ခအထပ်ထပ်ဖြင့် မြို့

ထန်တလန် (သို့မဟုတ်) ဒုက္ခအထပ်ထပ်ဖြင့် မြို့

0
By Editor on November 7, 2021 Featured

“ဒီအိမ်ကို ၂၀၀၂ မှာ ဘုရားကပေးတယ်။ ၂၀၂၁ မှာ ဘုရားက ပြန်ယူတယ်။ နှစ် ၂၀ တိုင် အိမ်ပိုင်ဆိုင်ခွင့်ပေးတဲ့ ဘုရားကို ကျေးဇူးတင်တယ်”

အထက်ပါစာသားသည် Hniar Te အမည်ဖြင့် လူမှုကွန်ရက်သုံးစွဲသူတစ်ဦးက သူ၏နေအိမ် မီးလောင်ဆုံးရှုံးပြီးနောက် လူမှုကွန်ရက်ပေါ်၌ ရေးသားခဲ့သည့် စာသားဖြစ်သည်။

ချင်းဘာသာဖြင့် ရေးသားထားသည့် ထိုစာသား မြန်မာဘာသာပြန်ဆိုထားမှုနှင့်အတူ မီးလောင်သွားခဲ့သည့် သူ၏ သုံးထပ်တိုက် နေအိမ်ဓာတ်ပုံကိုလည်း ယှဉ်တွဲဖော်ပြထားပြီး လူမှုကွန်ရက်သုံးစွဲသူများအကြား ပျံ့နှံံ့သွားခဲ့သည်။

အဆိုပါဓာတ်ပုံမှာ ချင်းပြည်နယ် ထန်တလန်မြို့ပေါ်တွင် အောက်တိုဘာ ၂၉ ရက်က ဖြစ်ပွားခဲ့သည့် နေအိမ်ပေါင်း ရာနှင့်ချီ မီးလောင်ဆုံးရှုံးမှုဖြစ်ပွားခဲ့သည့်ဖြစ်စဉ်များထဲမှ အိမ်ရှင်တစ်ဦး၏ ဓာတ်ပုံဖြစ်သည်။

လွတ်လပ်ရေးနှင့်အတူပါလာသည့် ပြည်တွင်းစစ်ကြောင့် မြန်မာနိုင်ငံတွင် လူနေအိမ်များ၊ ကျေးရွာများ မီးရှို့ခံရသည့်ဖြစ်စဉ်များမှာ အထူးအဆန်းမဟုတ်သော်လည်း မြို့ပေါ်ရပ်ကွက်များပေါ်တွင် နေအိမ်ရာနှင့်ချီ မီးရှို့ခံရမှုမှာတော့ ပထမဆုံးဖြစ်သည်။

မီးလောင်ရသည့်အကြောင်းမှာ စစ်ကောင်စီဘက်က လူနေအိမ်များကို လက်နက်ကြီးများဖြင့် ပစ်ခတ်ရာမှ လောင်ကျွမ်းသည်ဟု ဒေသခံတို့က တူညီစွာ ပြောဆိုကြသော်လည်း စစ်ကောင်စီဘက်က ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့များကြောင့်ဟု ၎င်းတို့ထိန်းချုပ်ထားသည့် မီဒီယာများမှတဆင့် ပြောဆိုထားသည်။

နံနက် (၁၁) နာရီခန့်မှစတင်၍ လောင်ကျွမ်းခဲ့သည့်မီးသည် ငြှိမ်းသတ်မည့်သူမရှိဘဲ ဆက်လက်လောင်ကျွမ်းခဲ့ရာ နောက်တစ်နေ့ နံနက်ပိုင်းအထိ မီးညွန့်ကျိုးသော်လည်း အရှိန်မသေသေးကြောင်း သိရသည်။ မိုးမရွာသဖြင့်လည်း မီးလောင်မှု ပိုဆိုးဝါးခဲ့ရသည်ဟု ဒေသခံတို့က ဆိုသည်။

CDF-ထန်တလန်က ထုတ်ပြန်သည့် စာရင်းများအရ လူနေအိမ်အလုံးပေါင်း ၁၆၀ ကျော် ဆုံးရှုံးခဲ့သည်။

မီးလောင်ပြာကျသွားသည့် အဆောက်အဦများထဲတွင် Church on The Roce ဘုရားကျောင်းနှင့် Presbyterain Church ဘုရားကျောင်းတို့အပြင် ထန်တလန်မြို့၏ အကြီးဆုံး နှစ်ခြင်းအသင်းတော် ရုံးချုပ်တို့လည်း ပါဝင်သွားခဲ့သည်။

ထန်တလန်မြို့တွင် အစိုးရက သတ်မှတ်ပေးထားသည့် ရပ်ကွက်မှာ (၁)၊ (၂)၊ (၃) ဟူ၍ ရပ်ကွက်သုံးခုဖြစ်ပြီး ဘာသာရေးက သတ်မှတ်ပေးထားသည့် ရပ်ကွက်မှာ (၇) ခုရှိသည်။

ယင်းအနက် စျေးရပ်ကွက် (ခေါ်) အမှတ် (၂) ရပ်ကွက်မှာ လူအစည်ကားဆုံးနှင့် အချက်အခြာကျသည့်ရပ်ကွက်ဖြစ်ပြီး ထန်တလန်ဒေသခံ ကိုကျုံး၏နေအိမ်လည်း အပါအဝင်ဖြစ်သည်။

စစ်ဘေးကြောင့် မြို့ခံအားလုံး ဘေးလွတ်ရာတိမ်းရှောင်နေသည်မှာ တစ်လကျော်ခန့် ကြာမြင့်နေပြီဖြစ်သောကြောင့် မီးလောင်မှုဖြစ်ပွားစဉ်အချိန်တွင် ကိုကျုံးသည်လည်း အိမ်တွင် ရှိမနေပါ။ ဘေးလွတ်ကင်းသည့် ကျေးရွာတစ်ခုတွင် စစ်ဘေးရှောင်အဖြစ် ရောက်ရှိနေရင်း မြို့ပေါ်တက်လာသည့် မီးခိုးလုံးများ၊ မိတ်ဆွေများ၏ ဖုန်းဆက်ပြောကြားမှုများကြောင့် မီးလောင်နေသည်ကို သိရပြီး ထပ်မံစုံစမ်းရင်း သူတို့နေအိမ်သည့် ရပ်ကွက်တွင် ဖြစ်သည်ကိုပါ သိလိုက်ရသည်။

ထိုသို့ သိလိုက်ရသည့်အခိုက်အတန့်တွင် လွန်ခဲ့သည့် (၁၅) နှစ်ကျော်ခန့်က ကိုယ်ပိုင်ငွေဖြင့် ဆောက်လုပ်နေထိုင်ခဲ့သည့် နေအိမ်ကို တစ်ခဏအတွင်း ဆုံးရှုံးလိုက်ရပြီဟု ခံစားလိုက်ရကြောင်း ကိုကျုံးက ပြောသည်။

“ရပ်ကွက်အားလုံးနီးပါး မီးက လောင်သွားတာ။ မီးငြိမ်းမယ့်လူလည်း မရှိဘူး။ သူတို့ကလည်း မီးလောင်ပါစေဆိုတဲ့ သဘောအနေနဲ့ လုပ်တာကိုး” ဟု ကိုကျုံးက ဝမ်းနည်းသည့်အသံဖြင့် ပြောသည်။

အိမ်ထောင်ကျပြီးချိန်မှစ၍ တောင်သူအလုပ်ဖြင့် ကြိုးစားကာ ရှာဖွေစုဆောင်းပြီး ဆောက်လုပ်နေထိုင်ခဲ့ရသည့် သူ၏ နေအိမ်အသစ်သည် (၁၅) နှစ်ခန့်သာ နေထိုင်ခွင့်ရကာ ဆုံးရှုံးသွားခဲ့ပြီဖြစ်သည်။ ကိုကျုံး၏နေအိမ်ကို ဆောက်လုပ်ခဲ့စဉ်က ကျပ်သိန်းတစ်ရာပင် မကုန်ကျခဲ့သော်လည်း လက်ရှိပေါက်စျေးဖြင့်မူ ကျပ်သိန်းငါးရာအောက် မလျော့ဟုဆိုသည်။

ကိုကျုံးတို့၏ စျေးရပ်ကွက်က နေအိမ်များသည် တစ်ခုနှင့်တစ်ခု တစ်ဆက်တည်းရှိနေကြပြီး ခြံဝင်းကျယ်များ မဟုတ်ပေ၊ မျက်နှာပွင့် ပေလေးဆယ်ခန့်သာရှိပြီး အများစုမှာ အောက်ထပ်တွင် စျေးဆိုင်နှင့် အပေါ်ထပ်တွင် လူနေထိုင်ကြသည်။

လူနေထူထပ်ပြီး မြေစျေးကြီးမားလှသည့် ရန်ကုန်မြို့တော်နှင့် မန္တလေးမြို့တော်တို့တွင်မူ ထိုအကျယ်အဝန်းဆိုလျှင် ကျပ်သိန်းပေါင်း ထောင်နှင့်ချီ၍ ပေးရမည်ဖြစ်သော်လည်း ချင်းပြည်နယ်အတွက် အဓိက ကုန်ကျမှုမှာ နေအိမ်ဆောက်ပစ္စည်းများ ဝယ်ယူစရိတ်နှင့် သယ်ယူစရိတ်တို့ ဖြစ်သည်။

မြို့နှင့်နီးသည့် ကျေးရွာများဆိုလျှင် မီးလောင်ကျွမ်းမှုကို မြင်တွေ့နေကြရသော်လည်း သွားရောက်ငြှိမ်းသတ်ခွင့်မရှိကြဘဲ သည်အတိုင်းသာ လက်ပိုက်ကြည့်နေခဲ့ကြရသည်။ မြို့နှင့်ဝေးသည့် ကျေးရွာများဆိုလျှင်လည်း မီးခိုးလုံးများကို တွေ့ကြရပြီး ညဘက်တွင် မီးလောင်နေသည့် အလင်းရောင်ကို မြင်တွေ့ကြရသည်ဟု ထန်တလန်စစ်ဘေးရှောင်များက ဆိုကြသည်။

ကိုယ့်အိမ်ကိုယ့်ယာကို မီးလောင်နေသည့်မြင်ကွင်းကို ပိတ်ကားတွင် ကြည့်နေရသကဲ့သို့ မြင်တွေ့ရပြီး သွားရောက်ငြှိမ်းသတ်နိုင်စွမ်း မရှိသည့်အပေါ် အားမလိုအားမရ ဖြစ်မိသော်လည်း မြို့ပေါ်သို့ သွားရောက်ရန် မဖြစ်နိုင်သဖြင့် အားမတန် မာန်ကိုလျော့ထားပြီး ဖြစ်သမျှအကြောင်း အကောင်းဟူ၍သာ စိတ်နှလုံးသွင်းထားရသည်ဟု ကိုကျုံးက ဆိုသည်။

စစ်ကောင်စီက ထန်တလန်မြို့ကို မီးလောင်ကျွမ်းစေသည်မှာ ယခုမှမဟုတ်၊ ပြည်သူများ မြို့ကို စွန့်ခွာထွက်ပြေးရန် ဖြစ်စေခဲ့သည့် စက်တင်ဘာလ (၁၈) ရက်နေ့ မြို့တွင်းတိုက်ပွဲ၌လည်း မြို့ပေါ်မှာ လူနေအိမ် (၂၀) ခန့်ကို မီးလောင်ကျွမ်းစေခဲ့သည်။

ပထမတစ်ကြိမ် မီးလောင်မှုအပြီး ထန်တလန်မြို့မှ အိမ်ထောင်စု (၁၅၀၀) ခန့်၊ လူဦးရေ တစ်သောင်းဝန်းကျင်ခန့်မှာ နေရပ်စွန့်ခွာ၍ ကျေးလက်ဒေသများကိုဖြစ်စေ၊ တစ်ဖက် အိန္ဒိယနိုင်ငံဘက်ကိုဖြစ်စေ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရသည်။

“စက်တင်ဘာလတုန်းက ကျောင်းရပ်ကွက်မှာ မီးလောင်တာလည်းပဲ အဲတုန်းကဆို မြို့ထဲမှာ လူတော်တော်များများ ရှိသေးတယ်လေ။ မီးလောင်တာကို မီးငြှိမ်းအောင် ထွက်လာတဲ့အခါကျတော့ သူတို့က သေနတ်နဲ့ပစ်တာ၊ မီးငြှိမ်းသတ်ဖို့လည်း သူတို့က မလိုလားဘူးလေ။ လောင်ပါစေပေါ့၊ အဲလိုသဘော။ မနေ့ကတော့ မိုးလည်းမရွာဘူး။ လက်နက်ကြီးနဲ့ ရပ်ကွက်တိုင်းကို လောင်ပါစေ အဲလိုပစ်တဲ့အခါကျတော့ လောင်တဲ့မီးတွေက ပြန်ဆောက်လို့မရဘူး။ အကုန်လုံးပြာကျ” ဟု ထန်တလန်မြို့ ကျောင်းရပ်ကွက်တွင် နေထိုင်ခဲ့သူတစ်ဦးက ယခင်မီးလောင်မှုနှင့် ယခုတစ်ကြိမ် မီးလောင်မှုကို နှိုင်းယှဉ်ပြောဆိုသည်။

မီးလောင်မှုဖြစ်စဉ် နှစ်ကြိမ်စလုံးတွင် စစ်ကောင်စီဘက်က လက်နက်ကြီးကျည် ကျရောက်မှုကြောင့်ဖြစ်သည်ဟု ဒေသခံများက စွပ်စွဲထားပြီး စစ်ကောင်စီကမူ ထိုစွပ်စွဲချက်များကို ငြင်းဆိုထားသည်။

ပထမအကြိမ် မီးလောင်မှုနှင့်ပတ်သက်ပြီး စစ်ကောင်စီအနေဖြင့် စုံစမ်းစစ်ဆေးလျှက်ရှိကြောင်း စစ်ကောင်စီလက်အောက်ခံ မီဒီယာများမှတစ်ဆင့် စက်တင်ဘာလ (၂၂) ရက်နေ့က ထုတ်ပြန်ထားပြီး နောက်ဆက်တွဲ အခြေအနေများကို ဆက်လက်ထုတ်ပြန်ခြင်း မရှိသေးပေ။

သို့သော် အောက်တိုဘာလ (၂၉) ရက်နေ့ ဖြစ်စဉ်ကိုမူ နောက်တစ်နေ့ဖြစ်သည့် အောက်တိုဘာလ (၃၀) ရက်နေ့တွင် ချက်ချင်းထုတ်ပြန်ခဲ့သည်။

စစ်ကောင်စီ၏ ထုတ်ပြန်ချက်အရ လုံခြုံရေးဆောင်ရွက်နေသည့် စစ်ကောင်စီအဖွဲ့ဝင်များကို ဒေသကာကွယရေး တပ်ဖွဲ့ဝင်များက လက်လုပ်မိုင်းဖြင့် တိုက်ခိုက်ပြီး လက်နက်ငယ်များဖြင့် ပစ်ခတ်သောကြောင့် ပြန်လည်ပစ်ခတ်သည်ဟု ဆိုသည်။ ယင်းနောက် ဆုတ်ခွာထွက်ပြေးသွားသည့် ဒေသကာကွယ်ရေး တပ်ဖွဲ့ ဝင်များက မီးရှို့ဆုတ်ခွာသွားသည်ဟုလည်း ဆိုထားသည်။

စစ်ကောင်စီဘက်က မီးငြှိမ်းသတ်ရေး လုပ်ငန်းများဆောင်ရွက်ရန် ပြင်ဆင်ခဲ့သော်လည်း ဒေသကာကွယ်ရေး တပ်ဖွဲ့ဝင်များသည် နေအိမ်များအတွင်းမှ ခိုအောင်းပစ်ခတ်တိုက်ခိုက်မှုကြောင့် မလုပ်ဆောင်နိုင်ခဲ့ဘဲ ဘုရားကျောင်း (၂) ကျောင်း၊ လူနေအိမ် (၇၀) ခန့် လောင်ကျွမ်းခဲ့သည်ဟု ထုတ်ပြန်ခဲ့သည်။

သို့သော် ယင်းအချက်များ မဟုတ်မှန်ကြောင်း ဒေသခံများက ဆိုကြသည်။

မီးမလောင်ခင် သုံးလေးရက်ခန့်က ထန်တလန်မြို့ရှိ ပြည်သူတို့၏ စျေးဆိုင်ခန်းများကို စစ်ကောင်စီအဖွဲ့ဝင်များက ဖောက်ထွင်းခိုးယူကာ ဆန်များ၊ အဝတ်အထည်များ စသည်တို့ကို သယ်ဆောင်သွားကြသည်ဟု ဒေသခံများက ဆိုကြသည်။ ယင်းနောက် အောက်တိုဘာလ (၂၉) ရက်နေ့တွင် မြို့ကို မီးလောင်စေရန် ပြုလုပ်သည်ဟု နေအိမ်ဆုံးရှုံးသွားသူအချို့က ပြောသည်။

ထို့ပြင် အောက်တိုဘာလ (၂၉) ရက်နေ့ နံနက်ပိုင်းတွင်လည်း နေအိမ်များအတွင်းမှ ပစ္စည်းများ ခိုးယူနေသည့် စစ်ကောင်စီတပ်သားတစ်ဦးကို CDF-ထန်တလန်က ပစ်သတ်ခဲ့ပြီးနောက် နေအိမ်များကို စစ်ကောင်စီက မီးလောင်ကျွမ်းစေခြင်းဖြစ်ကြောင်း ဒေသတွင်း သတင်းဌာနများကလည်း ဖော်ပြခဲ့ကြသည်။

မီးလောင်မှုကြောင့် ဆုံးရှုံးခဲ့ရသည့် နေအိမ်များထဲတွင် အချို့မှာ သက်တမ်း နှစ် ၂၀၊ ၁၅ နှစ်၊ အချို့ကလည်း အိမ်ဆောက်ပြီး ငါးလခန့်သာရှိကြသေးသည်။ အချို့အိမ်များမှာ ဆောက်လက်စများဖြစ်သည်ဟု နေအိမ်ဆုံးရှုံးသူများထံမှ သိရသည်။

“ချင်းတောင်မှာ အိမ်တစ်လုံးဖြစ်လာဖို့ မလွယ်ပါ။ ချင်းတွေက ကိုယ့်အိမ်ကိုယ် မီးရှို့စရာအကြောင်း မရှိပါ။ ယနေ့ဖြစ်ပွားသည့် ထန်တလန်မြို့ပေါ်က မီးလောင်မှုများအတွက် စစ်ကောင်စီတွင် ကြီးမားစွာ သမိုင်းနှင့်ချီ၍ တာဝန်ရှိသွားပါပြီ။ စစ်ကောင်စီ၏ ချင်းပြည်နယ်အစိုးရအဖွဲ့ယန္တရားတွင် ပါဝင်ထောက်ကူနေကြသည့် ချင်းလူမျိုးများ ချက်ချင်း နုတ်ထွက်သင့်ကြပါပြီ” ဟု NLD အစိုးရလက်ထက်က ချင်းပြည်နယ် စည်ပင်ဝန်ကြီးအဖြစ် တာဝန်ယူခဲ့သည့် ဆလိုင်းအိုက်ဇက်ခင်က သူ၏ လူမှုကွန်ရက်စာမျက်နှာတွင် ဖော်ပြခဲ့သည်။

ချင်းပြည်နယ်မြို့တော် ဟားခါးနှင့် (၂၅) မိုင်ခန့်ဝေးသည့် ထန်တလန်မြို့တွင် နေအိမ်တစ်လုံးဖြစ်လာစေရန်အတွက် မိုင်ပေါင်း ရာနှင့်ချီ၍ ဝေးကွာသည့် စစ်ကိုင်းတိုင်း ကလေးမြို့မှဖြစ်စေ၊ မကွေးတိုင်း ဂန့်ဂေါမြို့မှဖြစ်စေ၊ မန္တလေးမြို့မှဖြစ်စေ အိမ်ဆောက်ပစ္စည်းများကို ဝယ်ယူကြရသည်။ ထို့ကြောင့် သယ်ယူစရိတ်ကပင် မနည်းမနောပင်။

“ကျွန်တော့်ဘေးနားက အိမ်ဆောက်တာ သိန်း လေးငါးရာဝန်းကျင်ကုန်တယ်။ ထန်တလန်မှာ အိမ်ဆောက်ဖို့က ပြည်မဘက်ကနေ ယူရတော့လေ။ အိမ်တစ်လုံးဆောက်ဖို့က လွယ်တဲ့ကိစ္စမဟုတ်ဘူး။ သိန်း လေးငါးရာရှိဖို့ကိစ္စက လွယ်တဲ့ကိစ္စမဟုတ်ဘူး” ဟု မီးလောင်ဆုံးရှုံးသွားသည့် နေအိမ်ကို ပြန်လည်ဆောက်လုပ်ရန် အခက်အခဲရှိနေပုံကို ကိုကျုံးက ရှင်းပြသည်။

အဆိုပါ ကျပ်သိန်းငါးရာခန့် ကုန်ကျမည့်နေအိမ်၏ပုံစံမှာ အောက်ဘက်တွင် အုတ်စီပြီး အပေါ်ထပ်တွင် ပျဉ်ကာသည့် နှစ်ထပ်အိမ်ပုံစံမျိုးဖြစ်သည်။

နေအိမ်မီးလောင်မှုအပေါ် ဘုရားက ပြန်ယူသွားသည်ဟု နှလုံးသွင်းသူ Hniar Te နည်းတူ နွေဦးတော်လှန်ရေး အောင်မြင်သွားလျှင် မိမိတို့ ဆုံးရှုံးမှုများသည် မြန်မာနိုင်ငံအတွက်၊ ချင်းပြည်နယ်အတွက်၊ ဖယ်ဒရယ်ဒီမိုကရေစီရရှိရန်အတွက် တစ်ဖက်တစ်လမ်းက ပေးဆပ်ခြင်းတစ်မျိုးဟု ခံယူထားကြောင်း ကိုကျုံးကလည်း ရှင်းပြသည်။

လတ်တလော စစ်ဘေးရှောင်နေကြရသည့် ထန်တလန်ဒေသခံများသည် တိုင်းပြည်ငြိမ်းချမ်းသွားလျှင် မိမိနေအိမ်သို့ အေးအေးဆေးဆေး ပြန်နေကြမည်ဟု စိတ်ကူးထားသူများ ဖြစ်သည်။

ယခုမူ ရာနှင့်ချီသည့် မိသားစုများတွင် ပြန်စရာနေအိမ် မရှိကြတော့။

“နိုင်ငံ အခြေအနေ ကောင်းတယ်ဆိုရင် ထန်တလန် ပြန်လို့ရှိရင် ကိုယ့်အိမ်မှာ အေးအေးဆေးဆေး ပြန်နေ ရမယ်ပေါ့။ အခုက အိမ်တွေအကုန်လုံး မီးလောင်တဲ့အခါကျတော့ ပြန်ရင်လည်းပဲ ပစ္စည်းလည်း မရှိ၊ အိမ်လည်း မီးလောင်တော့ ကျွန်တော့် မိသားစုအတွက် ရှေ့ရေးအတွက် တအားနဲ့ တစ်ဒုက္ခ ရောက်တာပေါ့လေ။ စိတ်မချမ်းသာဘူးပေါ့” ဟု လေးနှစ်ကျော်အရွယ် သမီးငယ်အပါအဝင် မိသားစု (၇) ဦးဖြင့် ဆက်လက်ရင်ဆိုင်ရမည့် အနာဂတ်အကြောင်းကိုတွေးရင်း ကိုကျုံးက တစ်လုံးချင်း ပြောဆိုလိုက်လေတော့သည်။

ဆလိုင်းထန်

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

Palangvum (သို့) ပလက်ဝတွင် ဘာတွေဖြစ်နေလဲ

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 17, 2026

Palangvum (သို့) ပလက်ဝတွင် ဘာတွေဖြစ်နေလဲ

September 4, 2026

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
October 2, 2026

ရခိုင်ပြည်သူ အစုအပြုံလိုက်သေဆုံးရသော ကျောက်တော်ဗုံးကြဲခံရမှု CNF က အပြင်းအထန် ရှုတ်ချ

October 2, 2026

မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် တီးတိန်-ရိဒ်ကြား လမ်းပိုင်းဆိုးရွားစွာပျက်စီး

October 2, 2026

ချင်းပြည်မှာ သဘာဝဘေးဒဏ်နှင့် ရင်ဆိုင်နေရပြီဟု ချင်းလူမှုဖွံ့ဖြိုးရေးဝန်ကြီးပြော

September 30, 2026

မံဆောင်းတံတားတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ တီးတိန်သို့ ပြန်လည်ဆုတ်ခွာ

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.