Benezer – ချင်းပြည်နယ် မင်းတပ်မြို့တွင် ဧပြီ ၂၄ ရက် ယမန်နေ့ည ၉ နာရီဝန်းကျင်က အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ပြည်သူလူထုကြား အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး စစ်သားအချို့ဒဏ်ရာရကာ ပြည်သူ ၃ ဦး ဖမ်းဆီးခံခဲ့ရကြောင်းသိရသည်။
“မနေ့က အပြန်အလှန်ပစ်ကြခတ်ကြတယ်၊ စစ်သားတွေဒဏ်ရာရလို့ ဆေးရုံတက်ရတယ်၊ စစ်အာဏာသိမ်းမှုကို မကြိုက်တဲ့ပြည်သူတွေနဲ့ ပစ်တာပါ၊ ပြည်သူ ၃ ဦး အဖမ်းခံရတယ်” ဟု မင်းတပ်မြို့ခံတစ်ဦးမှ ပြောသည်။
မင်းတပ်မြို့ ယမန်နေ့ည ပစ်ခတ်မှုတွင် စစ်ကောင်စီဘက်မှ ဒဏ်ရာရသူများအား ဆေးရုံသို့ ပို့ဆောင်ပြီး ဆေးကုသကြောင်းကိုသာသိရပြီး နောက်ဆက်တွဲ မသိရှိရတော့ဘဲ ယနေ့တွင် အခြေအနေငြိမ်သက်လျက်ရှိကြောင်း သိရသည်။
မင်းတပ်မြို့တွင် ယမန်နေ့ နေ့လည်ပိုင်းတွင်လည်း အမျိုးသားညီညွတ်ရေး အစိုးရအား ထောက်ခံကြောင်း စာရွက်သပိတ်လုပ်ရန် စာကပ်နေသည့် အမျိုးသမီး ၄ ဦး နှင့် အမျိုးသား ၃ ဦး စုစုပေါင်း ၇ ဦး အဖမ်းခံခဲ့ရကြောင်းသိရသည်။
ချင်းပြည်နယ် ဟားခါးမြို့တွင်လည်း ဧပြီလ ၂၃ရက် ညပိုင်းတွင် ဝန်ကြီးအိမ်ယာတွင် လုံခြုံရေးယူသည့် စစ်ကောင်စီ တပ်သားအချင်းချင်းပစ်ခတ်ရာမှ အနည်းဆုံး ၂ ဦး သေဆုံးမှု ဖြစ်ပွားခဲ့သည်။