Benezer – ချင်းပြည်နယ်နှင့် ချင်းလူမျိုးတွေရဲ့ နိုင်ငံရေးဆိုင်ရာလုပ်ငန်းတွေကို တာဝန်ယူဆောင်ရွက်နိုင်ရန်အတွက် ပြည်တွင်းပြည်ပရှိ ချင်းအဖွဲ့စည်းများအကြား ညှိနှိုင်းအစည်းအဝေးများ ပြုလုပ်ခဲ့ကြပြီးနောက် ကြားကာလ ချင်းအမျိုးသားကောင်စီ (ICNCC) ကို ဖွဲ့စည်းလိုက်ကြောင်း ဧပြီလ ၁၃ ရက်နေ့က ကြေညာချက်ထုတ်ပြန်ခဲ့သည်။
ICNCCအား ချင်းအမျိုးသားတပ်ဦး (CNF) ၊ ချင်းပြည်နယ်လွှတ်တော်ကိုယ်စားပြုကော်မတီ (CRCH)၊ ပြည်သူလူထုအခြေခံတဲ့ CDM Supporting Team များ နှင့် နိုင်ငံရေးပါတီ စတဲ့အစုအဖွဲ့လေးဖွဲ့ကို အခြေခံပြီးဖွဲ့စည်းလိုက်တာဖြစ်ကြောင်း ICNCC မှ ကိုပါထန်းကပြောသည်။
ICNCC အနေနဲ့ အာဏာရှင်စနစ်ကို အဆုံးတိုင်ဆန့်ကျင်တော်လှန်ပြီး ကိုယ်ပိုင်ပြဌာန်းခွင့် အာမခံချက်ရှိသည့် ချင်းပြည်နယ်တည်ဆောက်ရေးနှင့် တန်းတူရေး အာမခံချက်ရှိသည့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုနိုင်ငံ တည်ဆောက်ရေးအတွက် ကြိုးပမ်းဆောင်ရွက်သွားမည်ဟု ထုတ်ပြန်ချက်ထဲတွင် ထည့်သွင်းထားသည်။
ထို့ပြင် ICNCC အနေနဲ့ ပြည်ထောင်စုအမျိုးသားညီညွတ်ရေးအစိုးရဖွဲ့စည်းရာတွင် ချင်းအမျိုးသားများကိုယ်စား ပူးပေါင်းပါဝင်သွားမည်ဖြစ်ကြောင်းနဲ့ ချင်းပြည်နယ်အတွင်း၊ အပြင်ရှိ ဒီမိုကရက်တစ်အင်အားစုများနဲ့ ပူးပေါင်းညှိနှိုင်းကာ ကြားကာလချင်းပြည်နယ်အုပ်ချုပ်ရေးကိုလည်း ဖွဲ့စည်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။