ချင်းအဆိုတော် Rebecca Fanai သည် သူမ၏ ဂရုဏာစီမံကိန်း The Compassion Project ကို ဆက်လက်အကောင်ထည်ဖော်ဆောင်ရွက်ကာ မီဇိုရမ်ပြည်နယ်အတွင်းရှိ စစ်ဘေးရှောင်စခန်းများထံသွားရောက်ပြီး လိုအပ်သည့် ကူညီထောက်ပံ့မှုများ ပေးအပ်လျှက်ရှိသည်။
ယမန်နေ့ နိုဝင်ဘာလ ၂၂ ရက်နေ့က မြန်မာနိုင်ငံက စစ်ဘေးရှာင်ပြည်သူအများအပြားခိုလုံကြသော ကျန်ဖိုင်းခရိုင်အတွင်းရှိ Zote (ITI) နှင့် Uilui စစ်ဘေးရှောင်စခန်း ၂ သို့ သွားရောက်ကာ အကူအညီများပေးအပ်ခဲ့သည်ဟု သိရသည်။
ယနေ့တွင် ကျန်ဖိုင်းခရိုင် ဇိုခေါထာရ်ကျေးရွာရှိ စစ်ဘေးရှောင်စခန်းများထံ သွားရောက်ကာ အကူအညီများ ထပ်မံပေးအပ်သွားမည်ဟု သိရသည်။
အမေရိကန်ပြည်ထောင်စုတွင်နေထိုင်သည့် Rebecca Fanai သည် စစ်ဘေးရှောင်များ ကူညီထောက်ပံ့ရန်အတွက် မီဇိုရမ်ပြည်နယ်သို့ အောက်တိုဘာလ ၁၁ ရက်နေ့က ရောက်ရှိလာပြီး နိုဝင်ဘာလဆန်းပိုင်းက၍ သူမ၏ The compassion Project ကို စတင်ခဲ့သည်။
The Compassion Project တွင် အဓိက အချက် ၃ ချက်ပါဝင်ပြီး စစ်ဘေးရှောင်ပြည်သူများအား ဆေးဝါးကုသမှုနဲ့ ကျန်းမာရေးဆိုင်ရာအသိပညာပေးခြင်း၊ ကလေးငယ်နှင့် အမျိုးသမီးများအတွက် လိုအပ်သည့် အသုံးအဆောင်ပစ္စည်းများ ထောက်ပံ့ခြင်း၊ အရေးပေါ်လိုအပ်ချက်များ ကူညီထောက်ပံ့ခြင်းများ ပါဝင်သည်။
နိုဝင်ဘာလ ၆ ရက်နေ့ကစတင်သည့် The Compassion Project တွင် Rebecca Fanai နှင့်အတူ Chin Health Organi zation (CHO), Myanmar Refugees Relief Committee-Mizoram (MRRCM), NGO United for Democratic Myanmar (NUDFM), Kalay Crisis Support Team (KCST), Youth For Myanmar (YFM), Matupians, Sevenday Adventist ဆေးရုံနှင့် အခြားသော ဒေသတွင်းစေတနာရှင်အမြောက်အများကလည်း အားဖြည့်ပါဝင်ဆောင်ရွက်ခဲ့ကြသည်ဟု သိရသည်။
Rebecca Fanai နှင့်အဖွဲ့သည် မီဇိုရမ်ပြည်နယ်အတွင်းရှိ ခရိုင် ၅ ခုတွင် (အိုင်ဇောလ်၊ မာမစ်၊ ကော်လစစ်၊ လုံးလဲ၊ လောင်တလိုင်) စစ်ဘေးတိမ်းရှောင်နေကြရသော စစ်ဘေးရှောင်စခန်း ၁၇ ခုထံ သွားရောက်ကာ ကူညီထောက်ပံ့မှုများ ပေးအပ်ခဲ့ကြပြီးဖြစ်သည်။
ယခုလက်ရှိတွင်လည်း ကျန်ဖိုင်းခရိုင်အတွင်းရှိ စစ်ဘေးရှောင်ပြည်သူများထံ အကူအညီများ ဆက်လက်ပေးအပ်လျှက်ရှိသည်။
မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းမှုဖြစ်ပွားပြီးနောက် တနိုင်ငံလုံး စစ်အာဏာရှင်စနစ် ဆန့်ကျင်တော်လှန်မှုဖြစ်ပွားလာသည့်အချိန်ကစပြီး Rebecca Fanai သည် သူကျွမ်းကျင်သော အဆိုပညာအားဖြင့် မြန်မာ့နွေဦးတော်လှန်ရေးမှာ ပါဝင်ခဲ့သူတစ်ဦးဖြစ်သည်။