(005MK)
မြန်မာနိုင်ငံက စစ်ဘေးရှောင်ပြည်သူများအနေဖြင့် သီးခြားအသင်းတော်တည်ထောင်ခွင့်မရှိဆိုသည့်အချက်အပါအဝင် စစ်ဘေးရှောင်များလိုက်နာရမည့် စည်းမျဉ်းသစ်များကို မီဇိုရမ်ပြည်နယ် Champhai Sub-Headquarter YMA က ထုတ်ပြန် သည်။
ယနေ့ထုတ်ပြန်လိုက်သော အဆိုပါစည်းမျဉ်းသစ်ထဲတွင် စစ်ဘေးရှောင်များအနေဖြင့် သီးခြားအသင်းတော် တည်ထောင်ခွင့်မရှိဘဲ နဂိုရှိနှင့်ပြီးသားအသင်းတော်များသို့ ဝင်ရောက်ကြရမည်ဟု ဖော်ပြထားသည်။
ထို့အပြင် စစ်ဘေးရှောင်များအနေဖြင့် မျိုးနွယ်စုကိုအခြေခံသော အသင်းအဖွဲ့များလည်း ဖွဲ့စည်း၍မရကြောင်း Champhai YMA က ထုတ်ပြန်ထားသည်။
စစ်ဘေးရှောင်များသည် မိမိနေထိုင်ရာ ကျေးရွာ၊ ရပ်ကွက်က YMA ထံ အမည်စာရင်းပေးသွင်းကြရမည်ဖြစ်ပြီး၊ မြန်မာမှတ်ပုံတင်ကတ်ပြားများကိုလည်း တပါးတည်းအပ်နှံရမည်ဟု ဖော်ပြထားသည်။
တည်ဆဲဥပဒေနှင့် ဒေသတွင်းကျင့်သုံးသော ဓလေ့ထုံးတမ်းဥပဒေများကိုလည်း လိုက်နာရမည်ဖြစ်ပြီး ချိုးဖောက်ပါက အရေးယူခံရမည်ဟုဖော်ပြထားသည်။
စစ်ဘေးရှောင်များသည် အခြားသော ရပ်ကွက်၊ ကျေးရွာများသို့ ပြောင်းရွှေ့မည်ဆိုပါက သက်ဆိုင်ရာ YMA တာဝန်ရှိသူများ၏ ထောက်ခံစာဖြင့်သာပြောင်းရွှေ့ရမည်ဟုဆိုသည်။
မူးယစ်ဆေးဝါးလုပ်ငန်းများတွင် စစ်ဘေးရှောင်များပါဝင်ပတ်သက်ခြင်းမရှိရန်နှင့် အကယ်၍ပါဝင်ပတ်သက်လို့ အဖမ်းခံရပြီး ထောင်ကျကာ ပြန်လွတ် မြောက်လာသည့်အခါတွင်လည်း မြန်မာနိုင်ငံကို ပြည်နှင်ဒဏ်ပေးခံရမည်ဟုလည်း ဖော်ပြထားသည်။
အစိုးရထံ ခွင့်ပြုချက်တောင်းခံရန်လိုအပ်သော မည်သည့်စီးပွားရေးလုပ်ငန်းမဆို စစ်ဘေးရှောင်များအနေဖြင့် လုပ်ခွင့်မရှိကြောင်း၊ အိမ်၊ ခြံ၊ မြေ ပိုင်ဆိုင်ခွင့်လည်းမရှိဟုဆိုထားသည်။
နာရေးရှိသည့်အခါမျိုးတွင်လည်း ၎င်းတို့စစ်ဘေးရှောင်သည့် ကျေးရွာ/ရပ်ကွက်တွင် သဂြိုလ်မည်ဆိုပါက ဧည့်သည်အဖြစ်နှင့်သာ သဂြိုလ်ရမည်ဖြစ်ပြီး နာရေးရံပုံငွေများကိုမူ ကောက်ခံပေးသွားမည်ဟု Champhai Sub-Headquarter YMA က ထုတ်ပြန်ထားသည်။