(004SS)
အမေရိကန်အခြေစိုက် BACI ၏ CEO ဖြစ်သူ Mr. Elaisa Vahnie နှင့် မလေးရှားရောက် ချင်းအဖွဲ့အစည်း/အသင်းတော် ခေါင်းဆောင်များသည် ဒုက္ခသည်များအရေးနှင့်ပတ်သက်၍ တွေ့ဆုံဆွေးနွေးပွဲတစ်ရပ်ကို ယမန်နေ့က ပြုလုပ်ခဲ့ကြသည်ဟု မလေးရှားရောက် ချင်းဒုက္ခသည်များအရေး ဆောင်ရွက်နေသောအဖွဲ့ ACR က ထုတ်ပြန်သည်။
အဆိုပါတွေ့ဆုံပွဲကို မလေးရှားရှိ ချင်းဒုက္ခသည်အဖွဲ့အစည်းများဖြစ်သည့် ACR နှင့် CRC တို့၏ ဦးဆောင်မှုဖြင့် Malaysia Lautu Christian Fellowship ဘုရားကျောင်းတွင် ကျင်းပခဲ့သည်။
တွေ့ဆုံပွဲတွင် ၂၀၂၅ ခုနှစ်အတွက် အမေရိကန်မှ ချီးမြှင့်သော Martin Luther King လူသားချင်းစာနာမှု ဆုရရှိထားသည့် Burmese American Community Institute (BACI) ၏ CEO ဖြစ်သူ Mr. Elaisa Vahnie က ၂၀၂၆ ခုနှစ်အတွင်း အမေရိ ကန်နိုင်ငံမှ ဒုက္ခသည်များ လက်ခံမည့် အစီအစဉ်များနှင့် မူဝါဒများကို ရှင်းလင်းပြောကြားခဲ့ကြောင်း ACR ၏ ဖော်ပြချက် အရ သိရသည်။
ထို့အပြင် Mr. Vahnie သည် စက်တင်ဘာလ ၁၆ ရက်နေ့တွင်လည်း ချင်းဒုက္ခသည်များအရေးနှင့် ပတ်သက်ပြီး မလေးရှား ရှိ UNHCR၊ အမေရိကန်သံရုံးတို့နှင့် သွားရောက်တွေ့ဆုံမည်ဟု ACR က ဖော်ပြထားသည်။
ထို့နောက် မလေးရှားရောက် ဒုက္ခသည်များနှင့် လူထုတွေ့ဆုံပွဲကိုလည်း ပြုလုပ်သွားမည်ဖြစ်ကာ အသေးစိတ်ကို မကြာမီ ကြေညာသွားမည်ဟု မလေးရှားရောက် ချင်းဒုက္ခသည်များအရေး ဆောင်ရွက်နေသူ ACR ၏ ဖော်ပြချက်အရ သိရသည်။
မလေးရှားနိုင်ငံတွင် ချင်းလူမျိုး ၈၀,၀၀၀ ကျော် ရောက်ရှိနေပြီး ၂၀,၀၀၀ ကျော်သည် ဒုက္ခသည်ကတ် ကိုင်ဆောင်ထား သူများဖြစ်သည်ဟု သိရသည်။
ယခုနှစ်ဆန်းပိုင်းက အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်၏ အမိန့်ကြောင့် အမေရိကန်နိုင်ငံသို့ ဒုက္ခသည်အဖြစ် ပြည့်ဝင်ခွင့်ရရှိ ထားသည့် မလေးရှားမှ ချင်းဒုက္ခသည်များ၏ လေယာဉ်ခရီးစဉ်နှင့် ပြည်ဝင်ခွင့်များ ရုတ်သိမ်းခံလိုက်ရသလို RSD ဟုခေါ် သော ဒုက္ခသည် အဆင့်အတန်းသတ်မှတ်သည့် အင်တာဗျူးရက်ချိန်းရရှိပြီးသူ အများအပြားကိုလည်း ဖျက်သိမ်းခံခဲ့ကြရ သည်။
လက်ရှိတွင် မလေးရှားရောက် ချင်းလူမျိုးများအပါအဝင် မြန်မာနိုင်ငံသားများသည် အထောက်အထားမဲ့ နေထိုင်မှုဖြင့် မလေးရှားရဲတပ်ဖွဲ့များ၏ ရှာဖွေ ဖမ်းဆီးမှုများ မကြာခဏ ကြုံတွေ့နေကြရသည်။