(006SV)
ပဲခူးတိုင်းဒေသကြီး၊ လက်ပံတန်းမြို့နယ်၊ ဆင်တလင်းကျေးရွာရှိ စစ်ကော်မရှင် စစ်စခန်းကို တော်လှန်ရေးမဟာမိတ် တပ်ဖွဲ့များနှင့် အရှိုချင်း ကာကွယ်ရေးတပ် (ACDF) တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ရာ စစ်ကော်မရှင်တပ်မှ ဒုရဲအုပ်အပါအဝင် ၁၈ ဦး သေဆုံးသည်ဟု သိရသည်။
ဒီဇင်ဘာလ ၁၆ ရက် နံနက် ၆ နာရီခန့်တွင် လက်ပံတန်းမြို့နယ်၊ ဆင်တလင်းကျေးရွာရှိ စစ်စခန်းတစ်ခုကို အမှတ် ၂ စစ်ဆင်ရေးနယ်မြေ၊ ပဲခူးတိုင်းစစ်ဌာန၊ ဗျူဟာ (၂၂) ကွပ်ကဲမှုဖြင့် တော်လှန်ရေးမဟာမိတ်ပူးပေါင်းတပ်က တိုက်ခိုက် ခြင်းဖြစ်သည်ဟု ACDF က ဒီဇင်ဘာလ ၁၉ ရက်က ထုတ်ပြန်သည်။
တိုက်ပွဲတွင် ဆင်တလင်းစခန်းကို ဦးစီးသော ဒုရဲအုပ်အပါအဝင် စစ်ကော်မရှင်တပ်ဖွဲ့ဝင် ၁၈ ဦး သေဆုံးပြီး တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့မှ ရဲဘော် ၄ ဦး ထိခိုက်ဒဏ်ရာရရှိသည်ဟု သိရသည်။
MA1 ၄ လက်၊ MA3 ၆ လက်၊ G3 ၁ လက်၊ ခြောက်လုံးပြူ ၁ လက်၊ ကျည်ဘောက် ၁ ခု၊ MA ကျည်ဘောက် ၂၁ ခု၊ အတိုကျည် ၅ တောင့်၊ ဦးထုပ် ၇ လုံး၊ ၅.၅၆ ကျည် ၂၁၉ တောင့်၊ အီကွေးမန့် ၃ ခု၊ Vest ၁ ခု၊ မိုဘိုင်းဖုန်း ၄ လုံးတို့ကို သိမ်းဆည်းရမိသည်ဟု သိရသည်။
အဆိုပါတိုက်ပွဲကို အရှိုချင်းကာကွယ်ရေးတပ်ဖွဲ့ (ACDF) မှ တပ်ရင်း ၃၊ သာယာဝတီခရိုင် ၃၈၀၃ တပ်ရင်း၊ ဂဠုန်ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ ၊ ရွှေတန်းမြေ သာယာဝတီခရိုင် ပကဖ တပ်ဖွဲ့ ၁ နှင့် တပ်ဖွဲ့ ၂၊ လက်ပံတန်း အထူးတိုက်ခိုက်ရေး တပ်ဖွဲ့ ၊ ရန်ကုန်ပကဖ အထူးတိုက်ခိုက်ရေး တပ်ဖွဲ့ ၃ တို့က ပူးပေါင်းတိုက်ခိုက်ခြင်းဖြစ်သည်ဟု သိရသည်။

