နေရပ်ပြန်လာကြသည့် စစ်ဘေးရှောင်ပြည်သူများနှင့် မိမိနေအိမ်တွင် ပစ္စည်းပြန်လည်ယူဆောင်မည့်သူများအတွက် မြေမြှုပ်မိုင်းနှင့် စစ်လက်ကျန်ပစ္စည်းများအန္တရာယ်မှာ အလွန်စိုးရိမ်ရသည့် အခြေအနေဖြစ်သည် ။
နေရပ်ပြန်ပြည်သူများအတွက် မိုင်းအန္တရာယ် ကာကွယ်ရေး လမ်းညွှန်
၁။ အိမ်တွင်းသို့ မဝင်မီ သတိထားရန်
- တံခါးနှင့် ပြတင်းပေါက်များ: အိမ်တံခါး သို့မဟုတ် ပြတင်းပေါက်များကို ချက်ချင်းတွန်းမဖွင့်ပါနှင့်။ တံခါးလက်ကိုင်တွင် ဝါယာကြိုးစများ သို့မဟုတ် ငါးမျှားကြိုးကဲ့သို့ သေးငယ်သော ကြိုးများ ချိတ်ဆက်ထားခြင်း ရှိ၊ မရှိ အဝေးမှ အရင်ကြည့်ရှုပါ ။
- ခြံဝင်းအတွင်း လမ်းကြောင်း: မိမိအိမ်ခြံဝင်းအတွင်းဖြစ်သော်လည်း ပုံမှန်မဟုတ်ဘဲ မြေကြီးဖုနေခြင်း၊ မြေစာပုံအသစ်ရှိခြင်း သို့မဟုတ် အမှိုက်များဖြင့် ဖုံးအုပ်ထားခြင်း ရှိ၊ မရှိ စစ်ဆေးပါ ။
၂။ ပစ္စည်းများ ပြန်လည်ယူဆောင်ရာတွင် ရှောင်ရန်များ
- အိမ်သုံးပစ္စည်းများ: ကြမ်းပြင်ပေါ်တွင် ပြန့်ကျဲနေသော အိုးခွက်ပန်းကန်များ၊ အဝတ်အစားများ သို့မဟုတ် ကလေးကစားစရာများကို မစစ်ဆေးဘဲ မကိုင်ပါနှင့်။ အောက်ခြေတွင် မိုင်းထောင်ထားသည့် (Booby trap) အန္တရာယ် ရှိနိုင်သည်။
- လျှပ်စစ်ပစ္စည်းနှင့် ဗီရိုများ: ဗီရိုတံခါးများ၊ အံဆွဲများနှင့် လျှပ်စစ်ခလုတ်များကို မစစ်ဆေးဘဲ ဆွဲဖွင့်ခြင်း၊ နှိပ်ခြင်း လုံးဝမပြုလုပ်ပါနှင့်။
- အထုပ်အပိုးများ: မိမိပစ္စည်းမဟုတ်သော ထူးဆန်းသည့် အထုပ်အပိုးများ၊ သေတ္တာများကို တွေ့ရှိပါက လုံးဝမထိပါနှင့် ။
၃။ နေရပ်ပြန်ရာတွင် လိုက်နာရမည့် ဆောင်ရန်များ
- အဖွဲ့လိုက်သွားပါ: နေရပ်ပြန်လျှင်ဖြစ်စေ၊ ပစ္စည်းယူလျှင်ဖြစ်စေ တစ်ဦးတည်းမသွားဘဲ အဖွဲ့လိုက်သွားပါ။ သို့သော် လမ်းလျှောက်သည့်အခါ တစ်ဦးနှင့်တစ်ဦး အကွာအဝေးတစ်ခုခြား၍ သွားလာပါ ။
- သတင်းစုံစမ်းပါ: မိမိအိမ်တွင် စစ်တပ်စခန်းချခဲ့ခြင်း သို့မဟုတ် ကင်းပုန်းဝပ်ခဲ့ခြင်း ရှိ၊ မရှိ အိမ်နီးနားချင်းများ သို့မဟုတ် မျက်မြင်များထံ ဦးစွာမေးမြန်းပါ ။
- အလင်းရောင်ရှိချိန်မှသွားပါ: နေဝင်ရီတရော သို့မဟုတ် မှောင်နေသည့်အချိန်တွင် မြေပြင်အနေအထားကို ရှင်းလင်းစွာမမြင်ရသဖြင့် အိမ်အတွင်းသို့ မဝင်ပါနှင့်။

