(006SV)
ချင်းပြည်နယ်မြောက်ပိုင်း၊ တီးတိန်မြို့သို့ သယ်ဆောင်ရောင်းဝယ်မည့် ကျပ် ၂ ဘီလီယံကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများကို ကလေးမြို့အနီးတွင် ဖမ်းဆီးရမိကြောင်း အာဏာသိမ်း စစ်အစိုးရ၏ မူးယစ်ဆေးဝါး တားဆီးနှိမ်နှင်းရေးဗဟိုကော်မတီ (CCDAC)ထံမှ သိရသည်။
ချင်း-စစ်ကိုင်းအစပ်၊ ကလေးမြို့နယ်၊ ကျီကုန်းရွာအနီးတွင် စိုင်းကိုကိုနှင့် လွင်ဖြိုးအောင်တို့ မောင်းနှင်လာသော NISSAN CONDOR အမျိုးအစားယာဉ်ပေါ်မှ ဘိန်းဖြူ ၂၇. ၇၂ ကီလိုကို နိုဝင်ဘာလ ၃ ရက်က စစ်တပ်အစိုးရ၏ မူးယစ်ဆေးဝါး တားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့က ဖမ်းဆီးရမိကြောင်း CCDAC က နိုဝင်ဘာလ ၁၄ ရက်မှာ ထုတ်ပြန်သည်။
အဆိုပါဘိန်းဖြူများ သယ်ဆောင်ရာတွင် ပူးပေါင်းပါဝင်သော ခုပ်လမ့်ထွန်း(ခ) မောင်လှိုင်ကို ကလေးမြို့၊ ပင်လုံရပ်ကွက်တွင်ပင် နိုဝင်ဘာလ ၅ ရက်မှာ ဆက်လက်ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
နိုဝင်ဘာလ ၅ ရက်မှာလည်း ကလေးမြို့နယ်၊ ကျီကုန်းရွာအနီးတွင် ဇာနည်မိုး (ခ) မိုးအောင် မောင်းနှင်ပြီး အောင်နိုင်မင်း (ခ) မင်းမင်း လိုက်ပါလာသော Dong Feng အမျိုးအစားယာဉ်ပေါ်မှလည်း ဘိန်းဖြူ ၁၁.၆၆ ကီလိုကို သတင်းကွင်းဆက်အရ ထပ်မံ ဖမ်းဆီးရမိသည်ဟု သိရသည်။
ယင်းနေ့မှာပင် ဘိန်းဖြူများ သယ်ဆောင်ရာတွင် ပူးပေါင်းပါဝင်သူ မောင်လှ(ခ) သော့ပြောင်းကိုလည်းကောင်း၊ နိုဝင်ဘာလ ၆ ရက်မှာ ဘိန်းဖြူများ သယ်ဆောင်ခိုင်းသူ ဇော်ဝင်းမောင် (ခ) မောင်ပိန်ကိုလည်းကောင်း အသီးသီး ထပ်မံ ဖမ်းဆီးရမိသည်ဟု သိရသည်။
နိုဝင်ဘာလ ပထမပတ်အတွင်းမှာပင် ကလေးမြို့နယ်တွင် ငွေကျပ် ၂. ၈၁၈ ဘီလီယံတန်ဖိုးရှိသော ဘိန်းဖြူ ၃၉.၃၈ ကီလိုနှင့် ပါဝင်ပတ်သက်သူ ၇ ဦးတို့ကို ဖမ်းဆီးရမိခြင်းဖြစ်သည်ဟု ဆိုသည်။
အဆိုပါမူးယစ်းဆေးဝါးများသည် အိန္ဒိယနိုင်ငံ၊ မီဇိုရမ်မှတစ်ဆင့် အိန္ဒိယနိုင်ငံအတွင်းသို့ ပို့ဆောင်ရောင်းဝယ်ရန် ဆောင်ရွက်စဉ် ဖမ်းဆီးရမိခြင်းဖြစ်နိုင်ကြောင်း ချင်းပြည်အခြေအနေနှင့် စစ်ရေးလေ့လာစောင့်ကြည်သူ CDM ဗိုလ်ကြီးဇင်ယော်က သုံးသပ်သည်။
ကျနော်သိသလောက်က အဲဒီမူးယစ်ဆေးဝါးတွေက မီဇိုရမ်ပေါ့နော်။ အိန္ဒိယပြည်နယ်ထဲကို ပို့မယ့် ပစ္စည်းတွေပေါ့နော်။ ဟိုအရင်တုန်းကလည်း ဖမ်းမိတာတွေ ရှိတယ်။ ဒါတွေက အိန္ဒိယနိုင်ငံထဲ ရောက်ခါမှ ဖမ်းမိတာတွေလည်း ရှိတယ်။ အခု ဒါက အိန္ဒိယနိုင်ငံထဲ မရောက်ခင် မြန်မာနိုင်ငံထဲမှာကို ဖမ်းလာရတဲ့ အနေအထားမျိုးပေါ့နော်။ ဒါက အိန္ဒိယနိုင်ငံထဲကို သွားမယ့် မူးယစ်ဆေးဝါးတွေဆိုတာကတော့ သေချာတယ်လို့ ပြောလို့ ရပါတယ်” ဟု CDM ဗိုလ်ကြီးဇင်ယော်က ပြောသည်။
အဆိုပါ ဘိန်းဖြူများသည် ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်မှ စစ်ကိုင်းတိုင်း၊ ကလေးမြို့သို့ သယ်ဆောင်လာပြီး ယင်းမှတဆင့် ချင်းပြည်နယ်၊ တီးတိန်မြို့သို့ သယ်ဆောင်ရောင်းဝယ်သွားမည်ဟု စစ်ဆေးဖော်ထုတ်ချက်များအရ သိရကြောင်း CCDAC ၏ ထုတ်ပြန်ချက်အရ သိရသည်။
ဘိန်းဖြူများ၏ ပိုင်ရှင်ဖြစ်သူမှာ ရှမ်းပြည်နယ်၊ ကွတ်ခိုင်မြို့နယ်မှ အားပီး(ခ) အပိ ဖြစ်ပြီး ၎င်းကို ဖမ်းဆီးရန် ကျန်ရှိနေသေးကြောင်း၊ နေလင်းထိုက် (ခ) ငပိကောင်နှင့် ဟိန်းမိုးအောင်တို့ကိုလည်း ဖမ်းဆီးရန် ကျန်ရှိသေးကြောင်း သိရသည်။
၎င်းတို့ကို မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားပြီး ကွင်းဆက်ကျူးလွန်သူများကိုလည်း ဆက်လက် စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း သိရသည်။
မူးယစ်ဆေးဝါး သယ်ဆောင်ရောင်းဝယ်ရာမှ ရရှိသော ငွေကြေးအကျိုးအမြတ်များနှင့် ပိုင်ဆိုင်မှုများကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းနိုင်ရေးအတွက် ငွေကြေးခဝါချမှု တိုက်ဖျက်ရေးဥပဒေဖြင့်လည်း ဆက်လက်အရေးယူသွားမည်ဟု သိရသည်။
#Chin #Myanmar #News #KMG #Khonumthung #AWindowForChinPeople

