Author: Editor

တူမီးသေနတ်တွေကိုစွဲကိုင်ပြီး မောင်းပြန်ကိုင်တဲ့ စစ်အာဏာရှင်တွေကို ပထမဦးဆုံး စတင်တိုက်ခိုက်ကြပြီးတော့ တူမီးတော်လှန်ရေးကို စတင်ခဲ့ကြတဲ့ ချင်းလူမျိုးတွေအနေနဲ့ နွေဦးတော်လှန်ရေးရဲ့တပ်ဦးမှာ ဆက်လက် ဦးဆောင်ပေးကြရန် ဖေဖော်ဝါရီလ ၂၀ ရက်နေ့မှာ ကျရောက်သော ၇၅ နှစ်မြောက် စိန်ရတု ချင်းအမျိုးသားနေ့မှာ အမျိုးသားညီညွတ်ရေးအစိုးရ (UNG) ယာယီသမ္မတ ဒူဝါလရှီးလက တိုက်တွန်းလိုက်ပါတယ်။ ဖေဖော်ဝါရီလ ၂၀ ရက်မှာ ကျရောက်တဲ့ ၇၅ နှစ်မြောက် စိန်ရတု ချင်းအမျိုးသားနေ့အခမ်းအနားကို ကြားကာလ ချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ (ICNCC) ရဲ့ ဦးဆောင်မှုနဲ့ အွန်လိုင်းကနေ ကျင်းပပြုလုပ်ခဲ့ကြရာမှာ ယာယီသမ္မတ ဒူဝါလရှိးလက ထိုကဲ့သို့တိုက်တွန်းပြောဆိုလိုက်တာဖြစ်ပါတယ်။ “လွန်ခဲ့တဲ့ နှစ်နှစ်က မင်းအောင်လှိုင်ဦးဆောင်တဲ့ အကြမ်းဖက်စစ်ကောင်စီက အာဏာသိမ်းလိုက်တဲ့အခါမှာလည်း ချင်းလူမျိုးတွေဟာ မိမိတို့ ရိုးရာဓလေ့အမဲလိုက်ရာမှာ အသုံးပြုတဲ့ တူးမီးသေနတ်တွေကိုကိုင်ပြီး မောင်းပြန်ကိုင်တဲ့ စစ်အာဏာရှင်တွေကို ပထမဦးဆုံး စတင်တိုက်ခိုက်ကြပြီးတော့ တူမီးတော်လှန်ရေးကို စတင်ခဲ့ကြတယ်။ ဒါဟာ ချင်းလူမျိုးတွေရဲ့ သူမတူတဲ့ ရဲစွမ်းသတ္တိကြောင့်လို့ ပြောလို့ရပါတယ်။ အဲဒါထက် အရေးကြီးတာက ဘာလဲဆိုရင် ချင်းလူမျိုးတွေဟာ ဒီမိုကရေစီကို ဘယ်လောက်တောင် မြတ်နိုးတန်ဖိုးထားကြသလဲဆိုတဲ့ သက်သေသာဓကဘဲ ဖြစ်ပါတယ်” ဟု ယာယီသမ္မတက ပြောပါတယ်။ ယခုလက်ရှိဆင်နွှဲနေတဲ့ တော်လှန်ရေးကို ကြည့်မယ်ဆိုရင်လည်း ချင်းလူမျိုးများဟာ တော်လှန်ရေးတပ်ဦးမှာ အနစ်နာခံ ပေးဆပ်ပါဝင်တိုက်ခိုက်နေကြတာကိုတွေ့ရပြီး ယခုဆိုရင် ချင်းပြည်နယ်ရဲ့ နယ်မြေအားလုံး နီးပါးကို ချင်းအမျိုးသားတပ်ဦး/ချင်းအမျိုးသားတပ်မတော် (CNF/CNA) နဲ့ CJDC ဦးဆောင်တဲ့ ချင်းပြည်ကာကွယ်ရေးတပ်ဖွဲ့ CDF တွေက ထိန်းချုပ်ထားတာကို တွေ့ရတယ်လို့ ယာယီသမ္မတက ဆိုပါတယ်။ ဒါကြောင့် ချင်းလူမျိုးတွေအနေနဲ့…

Read More

မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေရှ်နိုင်ငံတို့မှ ထွက်ပြေးခိုလုံလာကြသော စစ်ဘေးရှောင်ပြည်သူများ ကူညီထောက်ပံ့ရေးတွင် ရူပီးငွေသိန်း ၄၀၀ ကျော် အသုံးပြုထားပြီဟု မီဇိုရမ်ပြည်နယ် ပြည်ထဲရေးဝန်ကြီး Pu Lalchamliana က ပြောဆိုသည်။ မီဇိုရမ်ပြည်နယ်တွင် ယခုကျင်းပလျှက်ရှိသော (Assembly Budget Session) လွှတ်တော်အစည်းအဝေးတွင် မီဇိုရမ်ပြည်နယ်အတွင်း စစ်ဘေးရှောင်အခြေအနေနှင့်ပတ်သက်၍ မေးမြန်းမှုအပေါ် ပြည်ထဲရေးဝန်ကြီးက ထိုကဲ့သို့ ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။ မီဇိုရမ်ပြည်နယ်အစိုးရ၏ မှတ်တမ်းအရ ယခုနှစ်ဇန်နဝါရီလ ၂၇ ရက်နေ့အထိ မီဇိုရမ်ပြည်နယ်အတွင်းနေထိုင်သော စစ်ဘေးရှောင်ဦးရေ ၃၁၅၀၈ ရှိသည့်အနက် ၃၁၀၅၀ တို့မှာ မြန်မာနိုင်ငံက စစ်ဘေးရှောင်များဖြစ်ကြပြီး ၄၅၈ ဦးတို့မှ ဘင်္ဂလားဒေရှ့်နိုင်ငံက စစ်ဘေးရှောင်များဖြစ်ကြသည်ဟု ပြည်ထဲရေးဝန်ကြီးက ဆိုသည်။ မြန်မာနိုင်ငံက စစ်ဘေးရှောင်ပြည်သူများ ကူညီထောက်ပံ့ရေးတွင် ရူပီးငွေ သိန်း ၃၈၄ ကျော်အသုံးပြုပြီဖြစ်ကာ ဘင်္ဂလားဒရှေ့်က စစ်ဘေးရှောင်ပြည်သူများအတွက် ရူပီးငွေသိန်း ၃၀ စုစုပေါင်း စစ်ဘေးရှောင်ပြည်သူအားလုံးအတွက် ရူပီး သိန်း ၄၁၄ သိန်းကျော် အသုံးပြုထားပြီဟု Pu Lalchamliana က ပြောသည်။ စစ်ဘေးရှောင်များအတွက် အဓိကအသုံးပြုခဲ့သောအရာများမှာ ယာယီစစ်ဘေးရှောင်စခန်းတည်ဆောက်ရေး၊ လျှပ်စစ်မီးဖြန့်ဝေရေး၊ ရေဖြန့်ဝေရေး၊ ဆေးဝါး၊ စားနပ်ရိက္ခာနှင့် အခြားလိုအပ်သည့်အရာများ ဝယ်ယူရာတွင် အဓိကအသုံးပြုခဲ့ကြသည်ဟု ဝန်ကြီးကဆိုသည်။ ချင်းလူ့အခွင့်အရေးအဖွဲ့နှင့် အရပ်ဘက်အဖွဲ့အစည်းကတော့ မီဇိုရမ်ပြည်နယ်တွင် ရောက်ရှိနေကြသော မြန်မာစစ်ဘေးရှောင်ပြည်သူဦးရေသည် ၄ သောင်းကျော် ၅ သောင်းနီးပါးခန့်ရှိပြီဟု ခန့်မှန်းထားကြသည်။

Read More

ချင်းပြည်နယ် ဖလမ်းမြို့နယ် စတောမ်ကျေးရွာအနီးမှာ ဖေဖော်ဝါရီလ ၁၈ ရက်နေ့ညနေပိုင်း ၅ နာရီလောက်မှာ ချင်းအမျိုးသမီးတစ်ဦး မြေမြုပ်မိုင်းနင်းမိလို့ ညာဘက်ခြေထောက်တဖက် ဆုံးရှုံးလိုက်ရတယ်လို့ သိရပါတယ်။ မြေမြုပ်မိုင်းနင်းမိလို့ ခြေထောက်ဆုံးရုံးလိုက်သူမှာ အိန္ဒိယ-မြန်မာနယ်စပ် မီဇိုရမ်ပြည်နယ် ဇိုခေါထာရ်ကျေးရွာတွင် နေထိုင်သူ အသက် ၂၆ နှစ်အရွယ် Pi Laltanpuii ဖြစ်ပြီး ဖလမ်းမြို့နယ် Leilet ကျေးရွာက အမျိုးသားထံသွားရောက်စဉ် စတောမ်ကျေးရွာအနီးမှာ မိုင်းနင်းမိခဲ့တာဖြစ်တယ်လို့ ဇိုခေါထာရ်ကျေးရွာ Mercy ဆေးခန်းက သူနာပြုဆရာမတစ်ဦးက ပြောပါတယ်။ “သူမက ဇိုခေါထာရ်ကျေးရွာသူ သူ့အမျိုးသားက နေမကောင်းလို့ Leilet ရွာကသူ့မိဘအိမ်မှာသွားနေတာ သူ့အမျိုးသားကို သွားကြည့်ရင်းနဲ့လမ်းတဝက်မှာ မတော်တဆမိုင်းနင်းမိသွားတာ သူ့ရဲ့ညာဘက်ခြေထောက်ဆုံးရှုံးလိုက်ရတယ်” လို့ အထက်ပါသူနာပြုဆရာမ ပြောပါတယ်။ Pi laltanpuii ဟာ အမျိုးသားရဲ့ ညီဖြစ်သူနှင့်အတူ ဇိုခေါထာရ်ကျေးရွာကနေ Leilet ကျေးရွာကို ဆိုင်ကယ်နဲ့သွားပြီး စတောမ်ကျေးရွာအရောက် လမ်းဘေးတနေရာမှာ အပေါ့အပါးသွားတဲ့အချိန်မှာ မြေမြုပ်မိုင်းနင်းမိခဲ့တာဖြစ်ပါတယ်။ ယမန်နေ့ ည ၁၀ နာရီလောက်မှာ ဇိုခေါထာရ်ကျေးရွာ Mercy ဆေးခန်းသို့ရောက်ရှိလာကာ အရေးပေါ်ဆေးကုသမှုပြုလုပ်ခဲ့ပြီးနောက် ကျန်ဖိုင်မြို့ဆေးရုံးသို့ ဆက်လက်လွှဲပြောင်းပေးခဲ့တယ်လို့သိရပြီး အသက်အန္တရာယ်စိုးရိမ်ရတဲ့အခြေအနေတော့ မရှိဘူးလို့ သိရပါတယ်။ မြေမြုပ်မိုင်းနင်းမိတဲ့​နေရာ စတောမ်ကျေးရွာဟာ အိန္ဒိယနယ်စပ်အနီး ချင်းပြည်နယ် ဖလမ်းမြို့နယ်မှာတည်ရှိပြီး မီဇိုရမ်ပြည်နယ် ကျန်ဖိုင်းခရိုင် ဇိုခေါထာရ်ကျေးရွာနဲ့ မိုင် ၂၀ လောက်ကွယ်ဝေးတယ်လို့ သိရပါတယ်။ မြေမြုပ်မိုင်းတွေကို ဘယ်လက်နက်ကိုင်တပ်ဖွဲ့တွေက ထောင်ထားတယ်ဆိုတာကိုတော့ မသိရပါဘူး။ ချင်းပြည်နယ်မှာ စစ်ကောင်စီတပ်ဖွဲ့က ကုန်ကြောင်း လေကြောင်းကနေပါ ထိုးစစ်ဆင်တိုက်ခိုက်မှုတွေပြုလုပ်တာနဲ့အမျှ မြေမြုပ်မိုင်းအန္တရာယ်လည်း ပြည်သူတွေအတွက်အကြီးမားဆုံးစိန်ခေါ်မှုတစ်ရပ်ဖြစ်လာနေပါတယ်။

Read More

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်အဖြစ် ခန့်အပ်ခံရသော ZCD ပါတီ အထွေထွေအတွင်းရေးမှုး ပူးဂင်ကမ်းလျန်အစား ချင်းပြည်နယ်၊ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီဥက္ကဌ ဒေါက်တာမှုထန်ကို အစားထိုးခန့် အပ်လိုက်သည်ဟု ယနေ့ ဖေဖော်ဝါရီ ၁၇ ရက်နေ့တွင် စစ်ကောင်စီက ထုတ်ပြန်ကြေညာလိုက်သည်။ စစ်အာဏာသိမ်းမှု ၂ နှစ်ပြည့်သည့် ဖေဖော်ဝါရီလ ၁ ရက်နေ့က အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လိုင်က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကို ပြင်ဆင်ဖွဲ့စည်းလိုက်ရာတွင် ပူးဂင်ကမ်းလျန်ကို စစ်ကောင်စီအဖွဲ့ဝင်အဖြစ် ခန့်အပ်လိုက်ခြင်းဖြစ်သည်။ ထိုကဲ့သို့ ခန့်အပ်ခံရသည့်ကိစ္စနှင့်ပတ်သက်ပြီး ကြိုတင်သိရှိမှုမရှိဘဲ လက်ခံမည် လက်မခံမည်ကို ပြောဆို၍မရကြောင်း ပူးဂင်ကမ်းလျန်က ပြောဆိုခဲ့ပြီးနောက် စစ်ကောင်စီက ဒေါက်တာမှုထန်ကို အစားထိုးခန့်အပ်လာခြင်းဖြစ်သည်။ ထန်တလန်မြို့နယ်ဇာတိဖြစ်သည့် ဒေါက်တာမှုထန်သည် ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲအနိုင်ရ ကိုယ်စားလှယ်တစ်ဦးဖြစ်ပြီး ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင်လည်း ချင်းပြည်နယ်ထန်တလန်မြို့နယ်မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးချယ်တင်မြောက်ခံရသူဖြစ်သည်။ ဒေါက်တာမှုထန်၏ ဇာတိ ထန်တလန်မြို့သည် စစ်ကောင်စီတပ်ဖွဲ့၏ မီးရှိုမှုကြောင့် ပြာပုံအတိဖြစ်ခဲ့ရပြီး ဒေသခံပြည်သူအားလုံးမှာလည်း မြို့ကိုစွန့်ခွါ၍ စစ်ဘေးတိမ်းရှောင်နေကြရသည်။ ယခုကိစ္စနဲ့ပတ်သက်၍ ဒေါက်တာမှုထန်အနေဖြင့် လက်ခံခြင်းရှိ/မရှိကိုမူ ခိုနူမ်းသုန်အနေဖြင့် အတည်ပြုနိုင်ခြင်းမရှိသေးပေ။

Read More

ချင်းပြည်နယ် ထန်တလန်မြို့တွင် ယမန်နေ့ကဖြစ်ပွားသည့် တိုက်ပွဲအတွင်း CDF-Thantlang မှ ရဲဘော် ၂ ဦး ကျဆုံးခဲ့သည်ဟု သိရသည်။ ဖေဖော်ဝါရီလ ၁၆ ရက်နေ့မနက်ပိုင်းက ထန်တလန်မြို့ TBC ဘုရားကျောင်းဝင်းအတွင်းခြေကုပ်ယူထားသော စစ်ကောင်စီတပ်ဖွဲ့ကို ချင်းအမျိုးသားတပ်မတော် CNA နဲ့ CDF-Thantlang တပ်ဖွဲ့တို့မှ ဝင်ရောက်စီးနင်းတိုက်ခိုက်စဉ်မှာ CDF-Than tlang မှရဲဘော် ဆလိုင်းဗန်ထာဘိခ်နှင့် ဆလိုင်းမောစီဗန်ဘွဲ့ဟုပ်တို့ ကျဆုံးခဲ့သည်ဟု ချင်းကာကွယ်ရေးတပ်ဖွဲ့နှင့် နီးစပ်သောသတင်းရင်းမြစ်ထံမှ သိရသည်။ ထန်တလန်မြို့တွင် ဖေဖော်ဝါရီဆန်းပိုင်းကစပြီး စစ်ကောင်စီတပ်ဖွဲ့နှင့် ချင်းကာကွယ်ရေးတပ်ဖွဲ့အကြား တိုက်ပွဲများ တောက်လျှောက်ဖြစ်ပွားကာ စစ်ကောင်စီတပ်ဖွဲ့များ ခြေကုပ်ယူထားသော ရဲစခန်းနှင့် ထွေအုပ်ရုံးတို့ကို ချင်းကာကွယ်ရေးတပ်ဖွဲ့ဘက်က သိမ်းပိုက်ခဲ့သည်။ စစ်ကောင်စီတပ်ဖွဲ့အနေဖြင့် ထန်တလန်မြို့အား ပြန်လည်ထိန်းချုပ်နိုင်ရန် စစ်ကူများဖြည့်တင်းကာ လက်နက်ကြီးနှင့် လေကြောင်းပစ်ကူများဖြင့် အပြင်းအထန်ပြန်လည်တိုက်ခိုက်ခဲ့သည်။ ယမန်နေ့ ဖေဖော်ဝါရီလ ၁၆ ရက်နေ့တိုက်ပွဲတွင်လည်း စစ်ကောင်စီတပ်ဖွဲ့က တိုက်လေယာဉ်၊ ရဟတ်ယာဉ်များဖြင့် အကြိမ်ပေါင်းများစွာပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

Read More

ရေး – ဆလိုင်းယောမာန် (၁) တော်လှန်ရေး (၂) နှစ်ပြည့်တော့မယ်။ စကစနဲ့ ERO, CDF, PDF တွေလည်း အချင်းချင်း တီးမိခေါက်မိ ရှိကြပြီ။ တော်လှန်ရေး အင်အားစု အကုန်လုံးကလည်း မအလနဲ့ စကစကို ၂၀၂၃ မှာ အပြီးဖြိုမယ်လို့ ကြုံးဝါးထားကြတယ်။ တချိန်တည်းမှာပဲ အကြမ်းဖက် စကစဟာ မင်းတပ်ကို တိုက်ပွဲမရှိဘဲ လေယာဉ်ဗုံးကြဲ၊ ဟောင်ဝစ်ဇာတွေနဲ့ ကျေးရွာတွေဆီ ပစ်ခတ်လာတယ်။ စွန်တောင်ရွာနားက နေအိမ်တွေကို ၂၁.၁. ၂၀၂၃ ရက်နေ့ ည ၁၂ နာရီ ဝန်းကျင် ဗုံးကြဲတယ်။ သူတို့အပိုင်တွက်ထားတယ်။ ဒဏ်ရာရသူများမယ်၊ သေဆုံးသူတွေ ရှိမယ်ပေါ့။ ၂၂ ရက်နေ့မနက်ကျတော့ ဝမ္မသူးတိုက်နယ်ဆေးရုံကို ဟောင်ဝစ်ဇာ လက်နက်ကြီးနဲ့ ဆက်တိုက်ပစ်တယ်။ စကစ လူယုတ်မာတွေ ဆေးရုံဆိုတာ၊ အပြစ်မဲ့ပြည်သူထိခိုက်မယ်ဆိုတာ မကြည့်တော့ဘူး။ ဒဏ်ရာရသူတွေကို ဆေးကုပေးနေကြမှာဆိုပြီး ရွာထဲကတိုက်နယ်ဆေးရုံကို ဦးတည်ပြီး လက်နက်ကြီး ပစ်ကြတာ။ ၂၃ ရက်နေ့ကျတော့ စစ်ရှောင်တွေကူညီပေးနေတဲ့ IDP အဖွဲ့သားတွေ စုဝေးရာ ပလိပ်ထွီ ဘုန်းကြီးကျောင်းကို ဆက်လက်ပြီး လေယဉ်နဲ့ ပစ်ခတ်၊ ဗုံးကြဲတိုက်ခိုက်မှု လုပ်ပြန်တယ်။ ၂၀၂၃ ဇန်နဝါရီလအတွင်းမှာတင် (၇၊ ၈၊ ၂၁၊ ၂၃) ၄ ရက်အတွင်း ဗုံးကြဲမှု (၈) ကြိမ် လုပ်ခဲ့တယ်။ သေဆုံးသူ မရှိခဲ့ဘူး။ ထိခိုက် ဒဏ်ရာရသူ၊ နေအိမ်အချို့ပျက်စီးတာပဲ ရှိတယ်။ စကစရဲ့ အကြံယုတ် ကုန်ကျစရိတ်နဲ့တွက်ရင် မှန်းချက်နဲ့ နှမ်းထွက်မကိုက်ဘူး…

Read More

ချင်းပြည်နယ်၊ ဖလမ်းမြို့တွင်း ပစ်ခတ်တိုက်ခိုက်မှုဖြစ်စဉ်ကြောင့် တစ်လနီးပါး ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသော ပြည်သူ (၅) ဦးသည် ယနေ့မွန်းလွဲပိုင်းက ကတိခံဝန်ချက်လက်မှတ်ထိုးကာ ပြန်လွတ်မြောက်လာကြပြီဖြစ်သည်။ “အခုပဲ သူတို့အိမ်ကို ပြန်လွတ်တယ်၊ သူတို့လွတ်တဲ့ပုံစံက ခံဝန်ချက်နဲ့ သူတို့အမျိုး ၂ ယောက်စီနဲ့ အာမခံနဲ့သူတို့ထွက်တာ၊ ၅ ယောက်စလုံးလွတ်လာတယ်။ သူတို့က ရမာန် နှစ်ခါယူရတယ်ဆိုတော့ တစ်လဝန်းကျင် အချုပ်ခန်းထဲမှာနေရတယ် ကျန်းမာရေးအခြေအနေတော့ ကောင်းပါတယ်။” ဟု ဖလမ်းမြို့ခံတစ်ဦးက ပြောသည်။ ယနေ့ လွတ်မြောက်လာသူ (၅) ဦးမှာ ဆလိုင်းငွန်ဆွီးထန်၊ ဦးသင်မှုန်၊ ဒေါ်ရန်နွမ်၊ ဒေါ်နိုင်ကိပ်ပါရ်နှင့် ဆလိုင်းဟရန်လျန်အွယ်တို့ ဖြစ်ကြသည်။ ပြီးခဲ့သည့် ဇန်နဝါရီလ ၁၈ ရက်ညနေပိုင်းက ဖလမ်းမြို့၊ ဖါရ်ထောက်ရပ်ကွက်ရှိ ကျောင်းလုံခြုံရေးယူထားသည့် ရဲတပ်ဖွဲ့ကို ချင်းအမျိုးသားတပ်မတော် CNA တပ်ဖွဲ့က ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းကြောင့် အနီးအနားရှိ အရပ်သားပြည်သူ ၂၄ ဦး ဖမ်းဆီးခံရကာ ၁၉ ဦး ပြန်လွတ်ပေးခဲ့ပြီး အထက်ပါ ၅ ဦးကို ဆက်လက်ဖမ်းဆီးထိန်းသိမ်းခဲ့ခြင်းဖြစ်သည်။ ၎င်းတို့အနေဖြင့် နိုင်ငံရေးနှင့်ပက်သက်ခြင်း၊ တော်လှန်ရေးတွင် လူကိုယ်တိုင်နှင့် တော်လှန်ရေးကို အားပေးထောက်ပံ့ပေးခြင်းတို့တွင် ပါဝင်ခြင်းမပြုရန်၊ ပါဝင်ပတ်သက်ခြင်းရှိပါက အချိန်မရွေး ဖမ်းဆီးခံရမည်ဟူသည့် ကတိခံဝန်ချက် လက်မှတ်ထိုးကာ စစ်ကောင်စီက ပြန်လွတ်ပေးခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

Read More

ချင်းပြည်နယ် ဟားခါးမြို့အခြေစိုက် ၂၆၆ တပ်ရင်းမှ တပ်သား ၂ ဦးသည် ယနေ့ ဖေဖော်ဝါရီလ ၁၆ ရက်နေ့တွင် လက်နက်ခဲယမ်းများနှင့်အတူ CDF-Senthang တပ်ဖွဲ့ထံသို့ အလင်းဝင်ရောက်ခဲ့သည်ဟု သိရသည်။ အဆိုပါတပ်သား ၂ ဦးသည် MA 2 သေနတ် ၁ လက်၊ ကျည်၊ ဗုံးသီး၊ နင်းမိုင်းနှင့် ထောင်မိုင်းများဖြင့် လာရောက်ပူးပေါင်းကာ ထိုက်တန်သောဆုကြေးငွေများချီးမြှင့်၍ လုံခြုံသောနေရာသို့ ပို့ဆောင်ခဲ့သည်ဟု CDF-Senthang က ထုတ်ပြန်သည်။

Read More

ပြည်တွင်း/ပြည်ပရှိ ချင်းအမျိုးသားတစ်ရပ်လုံးအနေဖြင့် ချင်းအမျိုးသားတပ်ဦး၊ ချင်းအမျိုးသားတပ်မတော်နှင့်အတူ အာဏာရှင် ဆန့်ကျင်တော်လှန်ရေးတွင် မိမိတတ်ကျွမ်းရာကဏ္ဍအသီးသီးမှ တတပ်တအားပူးပေါင်းပါဝင်ကြရန် ချင်းအမျိုးသားတပ်ဦး CNF က တောင်းဆိုလိုက်သည်။ ဖေဖော်ဝါရီလ ၂၀ ရက်နေ့တွင် ကျရောက်မည့် ၇၅ နှစ်မြောက်စိန်ရတု ချင်းအမျိုးသားနေ့နှင့်ပတ်သက်၍ ချင်းအမျိုးသားတပ်ဦးက ယနေ့တွင်ကြေညာချက်တစ်စောင်ထုတ်ပြန်ကာ ထိုကဲ့သို့ တောင်းဆိုလိုက်ခြင်းဖြစ်သည်။ ချင်းအမျိုးသားတပ်ဦးအနေဖြင့် လက်ရှိဆင်နွဲနေသော တော်လှန်ရေးစစ်ပွဲကို အမျိုးသားလွတ်မြောက်ရေးအောင်ပွဲအဖြစ်ခံယူလျက် နိုင်ငံရေး ဦးတည်ချက်၊ ယုံကြည်ချက်တူညီသော ညီနောင်လက်နက်ကိုင်မဟာမိတ်များ၊ NUG၊ ဒေသကာကွယ်ရေးတပ်ဖွဲ့များနှင့်အတူ ဆက်လက်တိုက်ပွဲဝင်သွားမည်ဖြစ်ပြီး ချင်းအမျိုးသားတည်ဆောက်ရေးနှင့် ချင်းပြည်ထောင်တည်ဆောက်ရေးကိုလည်း Stakeholders များနှင့်အတူ ဆက်လက်အကောင်အထည်ဖော်သွားမည်ဟု ယင်းကြေညာချက်တွင် ဖော်ပြသည်။ နွေဦးတော်လှန်ရေးတွင် သွေးမြေကျခဲ့ရသော အာဇာနည်များ၊ ဒဏ်ရာရ ရဲဘော်ရဲဘက်များအားလုံးအပေါ် လေးစားဂါရဝပြုကြောင်းနှင့် လူမှုဒုက္ခပေါင်းစုံ ရင်ဆိုင်ကြုံတွေ့နေရသော ပြည်သူအားလုံးအပေါ် လေးစားစာနာကြောင်း အလေးအနက်ဖော်ပြလိုသည်ဟု CNF က ဆိုသည်။ ဖေဖော်ဝါရီလ ၂၀ ရက် ချင်းအမျိုးသားနေ့သည် နယ်ချဲ့ဆန့်ကျင်ရေးနှင့် အမျိုးသားလွတ်မြောက်ရေးအပါအဝင် မျိုးနွယ်စုအကြီးအကဲများ၏ မိမိနယ်မြေအလိုက်မိရိုးဖလာကျင့်သုံးလာခဲ့သည့် အမွေဆက်ခံအုပ်ချုပ်ရေး စနစ်ဟောင်းမှ ချင်းလဲန်တစ်ခုလုံးကို စုစည်း၍ အမျိုးသားကိုယ်ပိုင်ဆုံးဖြတ်ခွင့်ရှိသည့် ဒီမိုကရေစီအုပ်ချုပ်ရေးစနစ်သစ်ဖြင့် ကျင့်သုံးအုပ်ချုပ်ရန် ဆုံးဖြတ်ချက်ချမှတ်နိုင်ခဲ့သည့် သမိုင်းဝင်နေ့ထူးနေမြတ်ဖြစ်သည်နှင့်အညီ အနှစ်သာရရှိရှိ ကျင်းပနိုင်ကြပါစေကြောင်း မေတ္တာပို့သအပ်ပါသည်ဟု ချင်းအမျိုးသားတပ်ဦးက ထုတ်ပြန်ထားသည်။

Read More

အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ် ကျန်ဖိုင်းမြို့တွင် ချင်းအမျိုးသားတစ်ဦးက ဇနီးဟောင်းဖြစ်သူကို သေနတ်ဖြင့်ပစ်သတ်မှု ယမန်နေ့ညနေပိုင်းက ဖြစ်ပွားခဲ့သည်။ ဖေဖော်ဝါရီလ ၁၅ ရက် ညနေပိုင်း ၆ နာရီ ၄၅ မိနစ်ခန့်တွင် ချင်းအမျိုးသား ဦးဘွဲ့ရိုပြန်းသည် ကျန်ဖိုင်းမြို့ ကာနန်ရပ်ကွက်တွင်နေထိုင်သော ဇနီးဟောင်းဖြစ်သူ အသက် ၄၃ နှစ်အရွယ် ဒေါ်ရှန်းငွန်ပါရ်၏ နေအိမ်သို့ဝင်ရောက်ကာ စကားများကြရာမှ ခါးချိူးသေနတ်ဖြင့် ပစ်သတ်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။ အခင်းဖြစ်ပွားပြီးနောက် ဦးဘွဲ့ရိုပြန်းသည် အိန္ဒိယ-မြန်မာနယ်စပ် ဇိုခေါထာရ်ဘက်သို့ ထွက်ပြေးသွားပြီး ချင်းပြည်နယ်ဘက်သို့ ဝင်ရောက်သွားသည်ဟု သိရသည်။ ဦးဘွဲ့ရိုပြန်းသည် ယခင်က ယာဉ်မောင်းလေ့ရှိပြီး ဘိန်းဖြူသယ်ယူမှုကြောင့် ဖမ်းဆီးထောင်ကျဖူးသူတစ်ဦးလည်းဖြစ်ကာ ကျန်ဖိုင်းမြို့ ကာနန်ရပ်ကွက်ကနေ မောင်းထုတ်ခံထားရသူဖြစ်သည်ဟု ကျန်ဖိုင်းကလာသောသတင်းရင်းမြစ်ကဆို သည်။ အသတ်ခံရသော ဒေါ်ရှန်းငွန်ပါရ်တွင် သားသမီး ၃ ဦးကျန်ရစ်ခဲ့ပြီး အငယ်ဆုံးသားမှာ ညဏ်ရည်မသန်စွမ်းသူဖြစ်သည်ဟု သိရသည်။

Read More