(006SV) အာဏာသိမ်းစစ်ကော်မရှင်၏ အတုအယောင်ရွေးကောက်ပွဲများအပြီး နေပြည်တော်တွင် ယနေ့မှာ ပြည်သူ့လွှတ်တော်အစည်းအဝေး စတင်ကျင်းပခဲ့ရာ စစ်တပ် ကျောထောက်နောက်ခံပြုထားသည့် ကြံခိုင်ရေးပါတီ ဥက္ကဌ ခင်ရီသည် ပြည်သူ့လွှတ်တော် ဥက္ကဌ အဖြစ် ရွေးချယ်ခံရကြောင်း သိရသည်။ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဌအဖြစ် လက်ရှိ အာဏာသိမ်းစစ်ကော်မရှင်၏ ပြန်ကြားရေးဝန်ကြီးဖြစ်သည့် ဦးမောင်မောင်အုန်းက ရွေးကောက်တင်မြောက်ခံရသည်ဟု သိရသည်။ ယနေ့ မတ်လ ၁၆ ရက် ရက်တွင် ပြည်သူ့လွှတ်တော် အစည်းအဝေးကို သဘာပတိအဖြစ် ဦးနန္ဒကျော်စွာက ဆောင်ရွက်ခဲ့ပြီး ပြည်သူ့လွတ်တော် ကိုယ်စားလှယ် ၃၇၃ ဦးတို့သည် ရာနှုန်းပြည့် တက်ရောက်သည်ဟု သိရသည်။ ၂၀၂၀ ခုနှစ် ရွေးကောက်ပွဲတွင် မဲမသမာမှုများ ဖြစ်ပွားသည့် ဟူသော စွပ်စွဲ ချက်များဖြင့် ၂၀၂၁ ဖေဖော်ဝါရီလအတွင်း လွှတ်တော်စတင်ခေါ်ရန် ရက်ပိုင်းအလိုတွင် ရွေးကောက်ပွဲအနိုင်ရ NLD ပါတီ ခေါင်းဆောင်များအပါအဝင် တာဝန်ရှိသူများကို ဖမ်းဆီးကာ အာဏာသိမ်းမှု ပြုလုပ်ခဲ့ပြီးနောက် ၅ နှစ်ကျော်အကြာတွင် အငြင်းပွားဖွယ် ရွေးကောက်ပွဲများ ကျင်းပ၍ တတိယအကြိမ်လွှတ်တော်ကို စတင်ခေါ်ယူခြင်းဖြစ်သည်ဟု သိရသည်။
Author: Editor
(002MG) စစ်ကိုင်းတိုင်း၊ ကလေးမြို့အကျဉ်းထောင်မှာ ထောင်ဒဏ် (၁၀) နှစ်ချမှတ်ခံထားရသည့် နိုင်ငံ ရေးအကျဉ်း သား ကိုဝင်းမြင့်စိုးသည် ထောင်အတွင်း ကျန်းမာရေး စောင့်ရှောက်မှုလုံလောက်စွာမရရှိ သောကြောင့် မတ်လ (၁၃) ရက်နေ့က သေဆုံးခဲ့ရသည်ဟု မိသားစုနဲ့နီးစပ်သူ အမျိုးသားတဦးက ပြောသည်။ “ရောဂါစဖြစ်တာ တစ်နှစ်ကျော်တယ်။ ဆေးကုသခွင့်ရပေမယ့် အသည်းခြောက်တာ၊ ရေဖျင်းဆွဲတာက အပြင်မှာ နေတဲ့သူတောင်မှ မလွယ်ဘူးလေ။ထောင်ဆိုတော့ ကန့်သတ်ချက်ရှိတာပေါ့ ဆေးကုသခွင့်က ထောင်ကျနေတဲ့ တစ်ယောက် နိုင်ငံရေးအကျဉ်းသားတယောက်ဆိုတော့ အပြင်ကလို လွတ်လွတ်လပ်လပ်၊ ထိထိရောက်ရောက် ကောင်းမွန်စွာ ကုသခွင့်မရှိဘူးလေ” ဟု မိသားစုနှင့်နီးစပ်သူ အမျိုးသားတဦးက ပြောသည်။ အသက် (၅၄) နှစ်အရွယ် နိုင်ငံရေးအကျဉ်းသား ကိုဝင်းမြင့်စိုးသည် ကလေးအကျဉ်းထောင်အတွင်း ပြစ် ဒဏ်ကျခံနေရ စဉ် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလမှစ၍ အသည်းခြောက်ခြင်းနှင့် ရေဖျဉ်းစွဲခြင်းဝေဒနာ ပြင်းထန်စွာခံစားခဲ့ရပြီး ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါ ရီလတွင် ကလေးမြို့ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ကုသခဲ့သော်လည်း ဆေးရုံမှဆင်းခွင့်ရပြီး ထောင်သို့ ပြန်ရောက်သည့်ညမှာပင် အသက်ရှူကျပ်ကာ ဝေဒနာပြန်လည် ပြင်းထန်လာသောကြောင့် ဆေးရုံသို့ ထပ်မံတင်ပို့ခဲ့ ရပြီး ဆေးရုံအချုပ်ဆောင်တွင် ကုသနေစဉ်အတွင်း သေဆုံးခဲ့ရ ခြင်းဖြစ်သည်။ ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက် ဩဂုတ် (၁၅) ရက်တွင် ကိုဝင်းမြင့်စိုးသည် ဖမ်းဆီးခံရပြီး ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၅၀၅-က၊ ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၃၀၂ – က တို့ဖြင့် ထောင်ဒဏ် (၁၀) နှစ် ချမှတ်ခံထားရသူဖြစ်သည်…
ချင်းပြည်နယ် ဖလမ်းမြို့နယ်နယ် လုံးဟော့ကျေးရွာကို စစ်ကော်မရှင်တပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ရာတွင် အရပ်သားပြည်သူ လူငယ် ၃ ဦးသေဆုံးခဲ့ကြောင်းသိရသည်။ စစ်ကော်မရှင်တပ်သည် လုံးဟော့ကျေးရွာကို မတ်လ ၁၄ ရက်မွန်းလွဲပိုင်း ၁ နာရီဝန်းကျင်တွင် ၂ ကြိမ်ဗုံးကြဲခဲ့ခြင်းဖြစ် ဖြစ်သည်ဟု ဒေသခံတစ်ဦးကပြောသည်။ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အသက် (၁၄) နှစ်အရွယ် Van Lian Thawng ၊ အသက် (၁၇) နှစ်အရွယ် Henry Kap Nei Sang နဲ့ အသက် (၂၀) နှစ်အရွယ် Hrang Lun Sang တို့ သေဆုံးခဲ့ပြီး၊ ၄ ယောက်ခန့်ဒဏ်ရာရရှိကြောင်း သိရသည်။ ထို့အပြင် နေအိမ် (၄)လုံးခန့်လည်းပျက်စီးခဲ့ကြောင်းသိရသည်။ ပြီးခဲ့သည့် မတ်လ ၈ ရက်နေ့ကလည်း လုံးဟော့ကျေးရွာကို စစ်ကော်မရှင်တပ်က ဒရုန်းဖြင့်ဗုံးကြဲ တိုက်ခိုက်ပြီး အသက် ၁၉ နှစ်အရွယ်ချင်းအမျိုးသမီးငယ်တစ်ဦးသေဆုံးခဲ့ပြီး မိခင်ဖြစ်သူမှာ အပြင်းအထန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ချင်းပြည်နယ်မြောက်ပိုင်း ဖလမ်းမြို့နယ်တွင် စစ်ကော်မရှင်တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ချင်းအမျိုးသား တပ်မတော်-CNA ဗိုလ်ကြီးအပါဝင် ၃ ဦး ကျဆုံးခဲ့သည်ဟု သိရသည်။ မတ်လ ၁၃ ရက်နေ့ မနက်ပိုင်း ၁၁ နာရီဝန်းကျင်မှာ စစ်ကော်မရှင်က ဖလမ်းမြို့အနီးတစ်နေရာကို လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ရာတွင် ရဲဘော်တချို့ထိခိုက်သေဆုံးခဲ့ရခြင်းဖြစ်သည်ဟု CNF ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီ ကပြောသည်။ အဆိုပါလေကြောင်းတိုက်ခိုက်မှုကြောင့် ချင်းအမျိုးသားတပ်မတော်-CNA ဗိုလ်ကြီးညဏ်လင်းအောင်၊ ဒုတပ်ကြပ် ရဲမေ မန်ဒိတ်နွမ် နှင့် ရဲဘော် ရှန်းဗျက်တို့ ကျဆုံးခဲ့ပြီး ရဲဘော်တချို့လည်း မစိုးရိမ်ရဒဏ်ရာရရှိခဲ့သည်ဟု ဆိုသည်။ စစ်ကော်မရှင်တပ်ဖွဲ့သည် ဖလမ်းမြို့ကို ပြန်လည်သိမ်းရန်အတွက် စစ်အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်လာသည် မှာ ၅ လနီးပါးရှိလာပြီဖြစ်သည်။ လက်ရှိတွင် ဖလမ်းမြို့အနီး Sumhrang ၊ Khuangli နှင့် သိုင်းငင်း-ဖလမ်းကြားတွင် တပ်စွဲထားကြသည်။ ယခုရက်ပိုင်းအတွင်း ဖလမ်းမြို့နယ်ထဲကို စစ်ကော်မရှင်က လေကြောင်းတိုက်ခိုက်မှုများ နေ့စဉ်ပြုလုပ်နေပြီး အရပ်သားသေဆုံးမှုများလည်း မြင့်တက်လာနေကြောင်းသိရသည်။
(006SV) တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းများ၊ အခြားအင်အားစုများနှင့် လက်တွဲပြီး “ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စု ပေါ်ထွန်းရေးဦးဆောင်ကောင်စီ” ကို မကြာမီ အကောင်အထည်ဖော် ဖွဲ့စည်းတော့မည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ထံမှ သိရသည်။ NUG အစိုးရ၊ နိုင်ငံတော် ယာယီသမ္မတ ဒူဝါလရှီးလက မကွေးဖက်ဒရယ် ယူနစ်လွှတ်တော် ဧကဒသမပုံမှန် အစည်းအဝေးသို့ မတ်လ ၁၂ ရက်က ပေးပို့သော ဂုဏ်ပြုသဝဏ်လွှာတွင် ထည့်သွင်းပြောကြားခြင်းဖြစ်သည်။ လက်ရှိအချိန်တွင် NUG အစိုးရသည် တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းများ၊ အခြားအင်အားစုများနှင့် လက်တွဲပြီး ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ထွန်းရေး ဦးဆောင်ကော်စီကို ဖွဲ့စည်းနိုင်ရန် အလေးထား ကြိုးပမ်းလျက်ရှိကြောင်း NUG အစိုးရ ယာယီသမ္မတကြီးက ပြောသည်။ မကြာမီကာလတွင်း အကောင်အထည်ဖော် ဖွဲ့စည်းနိုင်တော့မည်ဖြစ်ကြောင်း သတင်းစကား ပါလိုပါကြောင်း ၎င်းက ပြောသည်။ တော်လှန်ရေး အင်အားစုများအကြား နိုင်ငံရေးအရ စုစည်းမှုများသည် ဘုံရည်မှန်းချက် ပန်းတိုင်ဆီသို့ အရှိန်အဟုန်ဖြင့် ချဉ်းကပ်ရာတွင် အဓိကကျသော အလှည့်အပြောင်းတစ်ခု ဖြစ်လာမည်ဟု ယုံကြည်ကြောင်း အသိပေးထားသည်။ တော်လှန်ရေး ခရီးစဉ်အတွင်း ပိုမိုကြီးမားသော စိန်ခေါ်မှုများ ရှိလာနိုင်သည့်အတွက် ညီညွတ်ရေးသည် တော်လှန်ရေး အင်အားစုများ၏ အကြီးမာဆုံးသော လက်နက်ဖြစ်ကြောင်း သဝဏ်လွှာတွင် ဖော်ပြထားသည်။ နွေဦးတော်လှန်ရေး ၅ နှစ်တာတွင် NUG အစိုးရအနေဖြင့် လူထု၏ ဆန္ဒကို အကောင်အထည်ဖော်ရန် ကြိုးပမ်းရာတွင် စိန်ခေါ်မှုများစွာ ရင်ဆိုင်ရသော်လည်း တိုင်းရင်းသား တော်လှန်ရေးအဖွဲ့အစည်းများ၊ နိုင်ငံတဝန်းရှိ တော်လှန်ရေး အင်အားစုများ အားလုံးနှင့်…
(006SV) အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် စစ်ကိုင်းဖက်ဒရယ်ယူနစ် ကြားကာလအစိုးရအဖွဲ့တို့ တွေ့ဆုံပြီး လုပ်ပိုင်ခွင့် အာဏာခွဲဝေခြင်း (Division of Competency) နှင့်ပတ်သက်၍ သဘောတူညီချက် ၉ ရပ်ကို အတည်ပြု ချမှတ်နိုင်ခဲ့ကြောင်း သိရသည်။ မတ်လ ၁၀ ရက်က NUG အစိုးရအဖွဲ့နှင့် စစ်ကိုင်းဖက်ဒရယ် ယူနစ်ကြားကာလအစိုးရအဖွဲ့တို့သည် လွတ်မြောက် နယ်မြေ တစ်နေရာမှာ လုပ်ပိုင်ခွင့် အာဏာခွဲဝေခြင်းနှင့်စပ်လျဉ်း၍ ဒုတိယအကြိမ် တွေ့ဆုံဆွေးနွေးသည်ဟု သက်ဆိုင်ရာအစိုးရအဖွဲ့များက ယနေ့ မတ်လ ၁၂ ရက်မှာ ကြေညာသည်။ နှစ်ဘက်တာဝန်ရှိသူများက လုပ်ပိုင်ခွင့်အာဏာခွဲဝေခြင်းကိစ္စရပ်နှင့် စပ်လျဉ်း၍ ဆွေးနွေးရာ သဘောတူညီချက် ၉ ရပ်ကို ချမှတ်နိုင်ခဲ့ပြီး ကျန်ရှိနေသော ကဏ္ဍများအပေါ်တွင် ပြင်ဆင်ရန် လိုအပ်သော အချက်များ၊ ဖြည့်စွက်ရန် လိုအပ်သော အချက်များကိုလည်း ဆွေးနွေးသည်ဟု သိရသည်။ အုပ်ချုပ်ရေး၊ ကာကွယ်ရေး၊ ဘဏ္ဍာရေးနှင့် ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းများ ဆောင်ရွက်နိုင်ရေး တို့နှင့် ပတ်သက်၍လည်း ရှေ့ဆက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို NUG အစိုးရနှင့် စစ်ကိုင်းအစိုးရအဖွဲ့တို့ကြား အပြန်အလှန် နှီးနှောတိုင်ပင်ခဲ့သည်ဟု သိရသည်။ ယင်းအစည်းအဝေးသို့ NUG အစိုးရမှ ဝန်ကြီးချုပ်ရုံး ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုး၊ ကာကွယ်ရေး ဝန်ကြီးဌာန ဝန်ကြီး ဦးရည်မွန်၊ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန ဒုဝန်ကြီး ဦးကျော်နီ၊ လူမှုကူညီရေး အလုပ်သမားနှင့် လူသားချင်းစာနာထောက်ထားရေး ဝန်ကြီးဌာန ဒုဝန်ကြီး ဒေါက်တာငိုင်းတမ်မောင်း၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုဝန်ကြီးခွန်စောဖူးနှင့် ရုံးအဖွဲ့ဝင်များ တက်ရောက်သည်ဟု သိရသည်။ စစ်ကိုင်းဖက်ဒရယ်ယူနစ်ကြားကာလအစိုးရအဖွဲ့မှ…
ပြည်သူများ၏ ဝေဖန်ထောက်ပြမှုကို ကြိုဆိုကြောင်းဆို (004SS) ချင်းပြည်နယ်၊ ဟားခါးမြို့နယ်အတွင်းရှိ စစ်ဆေးရေးဂိတ်တစ်ခုတွင် ခရီးသွားလူငယ် ၁၆ ဦးကို လုပ်ထုံး လုပ်နည်းနှင့် မညီဘဲ တုတ်ဖြင့်ရိုက်နှက်ခဲ့သည့် ဖြစ်စဉ်အတွက် တာဝန်ရှိသူများက ကာယကံရှင်လူငယ်များကို တရားဝင်တောင်းပန်ခဲ့ကြောင်း CDF – ဟားခါးက ယနေ့ မတ်လ ၁၂ ရက် မှာ ထုတ်ပြန်သည်။ ပြီးခဲ့သည့် မတ်လ ၇ ရက်က CDF-Hakha ၏ စစ်ဆေးရေးဂိတ်တစ်ခု၌ တာဝန်ကျတပ်ဖွဲ့ဝင်အချို့သည် ခရီးသွားလာနေသည့် လူငယ် ၁၃ ဦးကို (၂) ကြိမ်စီနှင့် အခြားလူငယ် ၃ ဦးကို (၁) ကြိမ်စီ တုတ်ဖြင့် ရိုက်နှက်ခဲ့သည့် ဖြစ်စဉ်ဖြစ်ပွါးခဲ့ခြင်းဟု သိရသည်။ အဆိုပါဖြစ်စဉ် ဖြစ်ပွါးပြီးနောက် နှစ်ဖက်တွေ့ဆုံညှိနှိုင်းမှုများ ပြုလုပ်ခဲ့ပြီး CDF-Hakha တပ်ဖွဲ့က လုပ်ထုံး လုပ်နည်းနှင့် မညီဘဲ တုတ်နှင့်ရိုက်နှက်ခဲ့မိသည့်အတွက် မှားယွင်းသွားကြောင်းဝန်ခံကာ ယခုကဲ့သို့ တရားဝင် တောင်းပန်စာ ထုတ်ပြန်လာခြင်း ဖြစ်သည်။ အရိုက်ခံရသည့် လူငယ်များဘက်ကလည်း မိမိတို့အချင်းချင်းကြား ယခုကဲ့သို့ ဖြစ်ပျက်ခဲ့သည့်အပေါ် စိတ်မကောင်းဖြစ်ရကြောင်းနှင့် နောင်တွင် အခြားသူများ ထပ်မကြုံတွေ့စေရန် သင်ခန်းစာတစ်ခု ဖြစ်စေလိုကြောင်း ပြန်လည်ပြောကြားခဲ့သည်ဟု သိရသည်။ တွေ့ဆုံမှုအပြီးတွင် နှစ်ဖက်စလုံး လက်ဆွဲနှုတ်ဆက်ခြင်းနှင့် အတူတကွ ဆုတောင်းပေးခြင်းများ ပြုလုပ်ခဲ့ကြပြီး ပြန်လည်ပြေလည်မှု ရရှိသွားပြီဖြစ်ကြောင်း သိရသည်။ CDF-Hakha သည် “ပြည်သူကို ပြန်လည်လေးစားရမည်” ဟူသော စည်းကမ်းချက်ကို အတိအကျရေးဆွဲထားသော အဖွဲ့အစည်းဖြစ်ကြောင်းနှင့် နောင်တွင်လည်း CDF – ဟားခါး…
(006SV) အာဏာသိမ်းစစ်ကော်မရှင်သည် ချင်းပြည်နယ်မှာ လက်ရှိ ချင်းပြည်နယ် တရားလွှတ်တော် တရားသူကြီးချုပ်ကို ထုတ်ပယ်လိုက်ပြီး တရားလွှတ်တော် တရားသူကြီးချုပ်နှင့် ပြည်နယ်တရားလွှတ်တော် တရားသူကြီးတို့ကို အသစ်ပြောင်းလဲ ခန့်အပ်လိုက်ကြောင်း သိရသည်။ လက်ရှိ ချင်းပြည်နယ် တရားလွှတ်တော် တရားသူကြီးချုပ် ဦးနေစိုးကို ကျန်းမာရေးအရ မတ်လ ၁ ရက်မှစတင်၍ တာဝန်မှ အနားယူခွင့်ပြုလိုက်ကြောင်း စစ်ကော်မရှင်က ယမန်နေ့ မတ်လ ၁၀ ရက်မှာ ကြေညာသည်။ ချင်းပြည်နယ် တရားလွှတ်တော် တရားသူကြီးချုပ်အဖြစ် ဦးမြတ်စံကို ခန့်အပ်တာဝန်ပေးလိုက်ကြောင်း စစ်ကော်မရှင်က မတ်လ ၁၀ ရက်မှာ ထုတ်ပြန်သည်။ ချင်းပြည်နယ် တရားလွှတ်တော် တရားသူကြီးအဖြစ်လည်း ဦးကျော်သောင်းအောင်ကို ခန့်အပ်တာဝန်ပေးလိုက်ကြောင်း စစ်ကော်မရှင်က မတ်လ ၁၀ ရက်မှာထုတ်ပြန်သည်။ စစ်ကော်မရှင် ဦးဆောင်ကျင်းပသော ရွေးကောက်ပွဲများ ပြီးစီးပြီနောက် မတ်လအတွင်း လွှတ်တော်များ စတင်ခေါ်ယူရန် ပြင်ဆင်နေပြီး ဧပြီလဆန်းပိုင်းတွင် အစိုးရအဖွဲ့များ စတင်ဖွဲ့စည်းမည်ဖြစ်ကြောင်း စစ်ကော်မရှင်က ကြေညာထားသလို စစ်အစိုးရအဖွဲ့အသစ်ကို မလွှဲပြောင်းမှီ ချင်းပြည်နယ်က တရားလွှတ်တော်ရာထူးများကို အပြောင်းအလဲ ပြုလုပ်ခြင်းဖြစ်ကြောင်း သိရသည်။
(004SS) အာဏာသိမ်းစစ်ကော်မရှင်လက်အောက်တွင် ကျင်းပသော ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲကို ယနေ့ မတ်လ ၁၁ နေ့တွင် နိုင်ငံတစ်ဝှမ်းလုံးမှာ စတင်ဖြေဆိုနေပြီဖြစ်ကာ ချင်းပြည်နယ်တွင် ဟားခါးမြို့နှင့် တီးတိန်မြို့တွင်သာ စာစစ်ဌာန ၂ ခုဖြင့် ကျင်းပနိုင်ကြောင်း သိရသည်။ မြန်မာနိုင်ငံစာစစ်ဌာန၏ ထုတ်ပြန်ချက်အရ မတ်လ ၁၁ ရက်မှ ၁၇ ရက်နေ့ အထိကျင်းပသွားမည်ဖြစ်ပြီး ချင်းပြည်နယ်မှ အထက (၁) ဟားခါး နှင့် အထက (၁) တီးတိန် စာစစ်ဌာန ၂ တွင် စာရင်းပေးသွင်းသူ ကျောင်းသား/သူ ၉၁၅ဦး ရှိကြောင်း သိရသည်။ ယနေ့မြန်မာစာဖြေဆိုမည့် စာမေးပွဲ ပထမရက်တွင် ဟားခါးမြို့အတွင်းရှိ လမ်းဆုံလမ်းခွများတွင် စစ်ကော်မရှင်တပ်ဖွဲ့က လုံခြုံရေး အပြည့်ဖြင့် နေရာယူထားကြောင်း ဒေသခံများထံမှ သိရသည်။ “ဒီနေ့စာမေးပွဲစဖြေပြီ အထက-၁ မှာ ပဲဖြေတယ်၊ အယောက် ၄၀၀ ကျော်လောက်ပဲရှိတယ်လို့သိရတယ်။ ဒီမနက်လမ်း လျှောက်သွားတာ လမ်းမကြီးရော၊ သီတာလမ်းခွဲ၊ ဆပ်တားလမ်းခွဲ၊ သစ်တောလမ်းခွဲစသဖြင့် စစ်သားတွေ၊ ရဲတွေ လုံခြုံရေးအပြည့်ပဲ။ ပြီးတော့ မနက်အစော ၇/၈ နာရီလောက် ကလဲ သေနတ်ပစ်ခတ်သံကြားတယ်။” ဟု ဟားခါးမြို့ ဒေသခံ အမျိုးသားတသစ်ဦးက ပြောသည်။ အထက (၁) ဟားခါးတွင် အစိုးရ အထက်တန်းကျောင်း ၄ ခု နှင့် ကိုယ်ပိုင် အထက်တန်းကျောင်း ၄ ခု မှ ကျောင်းတွင်း /ပြင်ပ ဖြေဆိုရန် စာရင်းပေးသွင်းသူ…
(006SV) ချင်းပြည်နယ်၊ ဟားခါးမြို့ပေါ်တွင် စစ်ကော်မရှင်တပ်နှင့် ချင်းတော်လှန်ရေးတပ်ဖွဲ့တို့ ပစ်ခတ်မှု ဖြစ်ပွားပြီး ရဲတပ်ဖွဲ့ဝင် ၁ ဦး သေဆုံးပြီး ထိခိုက်ဒဏ်ရာ ရရှိမှုများ ရှိကြောင်း သိရသည်။ ယနေ့ မတ်လ ၁၁ ရက် မနက် ၈ နာရီခန့်က ဟားခါးမြို့၊ ပြည်တော်သာ ရပ်ကွက်တွင် ဒေသခံပြည်သူများထံကို ယာဉ်မောင်းလိုင်စင်များ စစ်ဆေးပြီး ငွေကြေးအတောင်းကြမ်းနေသော ရဲတပ်ဖွဲ့ဝင်များကို CDF – ဟားခါးက ပစ်ခတ်တိုက်ခိုက်ခြင်းဖြစ်ကြောင်း CDF ဟားခါးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ “ဒီနေ့ မနက် ၈ နာရီကျော်ကျော်လောက်မှာ ပြည်တော်သာရပ်ကွက်မှာ ရဲက ဆိုင်ကယ် ယာဉ်မောင်းလိုင်စင်တွေ စစ်ပြီးတော့ ပိုက်ဆံတွေ မတရားတောင်းလို့ ကျနော်တို့ ပစ်ထားတယ်။ တစ်ယောက်သေတယ်။ ဒဏ်ရာ ရသူတွေ လည်း ရှိတယ်” ဟု CDF ဟားခါးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ ပစ်ခတ်မှုတွင် စစ်ကော်မရှင်၏ ဟားခါးမြို့ပေါ် ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်တချို့လည်း ထိခိုက်ဒဏ်ရာများ ရရှိပြီး အရေအတွက် အတိအကျကို မသိရှိသေးကြောင်း သိရသည်။ ဟားခါးမြို့ပေါ်တွင် စစ်ကော်မရှင်တပ်ဖွဲ့ဝင်များနှင့် ချင်းကာကွယ်ရေးတပ်ဖွဲ့တို့ကြား မကြာခဏ ထိတွေ့တိုက်ပွဲများ ဖြစ်ပွားလေ့ရှိနေကြောင်း သိရသည်။
