(006SV)
ချင်းပြည်နယ်၊ တွန်းဇံမြို့နယ်အခြေစိုက် စစ်ရေး လှုပ်ရှားနေသော ချင်းကာကွယ်ရေးတပ် – တွန်းဇံသည် တပ်ဖွဲ့ဝင်အချင်းချင်း သတ်ဖြတ်မှုဖြစ်ပွားပြီးနောက် ၎င်း၏ တပ်ရင်း (၂) တစ်ခုလုံးကို တပ်ဖွဲ့ဝင်အဖြစ်မှ တရားဝင် ထုတ်ပယ်လိုက်ကြောင်း ယမန်နေ့က ထုတ်ပြန်လိုက်သည်။
ချင်းကာကွယ်ရေးတပ်ဖွဲ့ – တွန်းဇံ တပ်ရင်း (၂) (ထာဒိုမျိုးနွယ်စုတပ်ဖွဲ့) သည် တပ်ရင်း (၃)၊ တပ်ခွဲ (၃)၏ တပ်ခွဲမှူးဖြစ်သော ဦးမန်မွမ်းပြောင်ကို အပြစ်မရှိ၊ အပြစ်ရှာပြီး အချင်းချင်း ရက်ရက်စက်စက် သတ်ဖြတ်လိုက်ခြင်းကြောင့် ဩဂုတ် ၂၇ ရက်မှာ CDF – တွန်းဇံ တပ်ရင်း (၂) တစ်ခု လုံးကို တရားဝင် ထုတ်ပယ်လိုက်ခြင်းဖြစ်ကြောင်း CDF တွန်းဇံ ပြောရေးဆိုခွင့်ရှိသူ ဦးထန်ဆွင်းမုန် က ပြောသည်။
“CDF တွန်းဇံအနေနဲ့ ထားလို့ မသင့်တော့ဘူးလေ။ ထားရင် သတ်ဖြတ်လာဦးမှာပဲလေ။ ဖျက်သိမ်းလိုက်တဲ့အတွက် ထာဒိုတွေက ရန်မူစရာလည်း မရှိဘူး။ ထာဒို တပ်ဖွဲ့ထူထောင်လိုက်ရင်လည်း ကျနော်က ကန့်ကွက်မှာ မဟုတ်ဘူး။ CDF တွန်းဇံတပ်ဖွဲ့ဝင် အချင်းချင်းကို သတ်ဖြတ်လိုက်တဲ့ တပ်ရင်းကို ကျနော်က ဆက်ထားရင် ကျနော်တို့ ဇိုမျိုးနွယ်စုတွေက ကျနော်တို့ CDF တွန်းဇံ တပ်ရင်းကို ဝိုင်းဝန်တော့မှာ ကူညီတော့မှာ မဟုတ်ဘူး။ နောက်ဆုံး စဉ်းစားပြီးတော့ ဖျက်သိမ်းလိုက်တာပါ” ဟု သူက ပြောသည်။
CDF – တွန်းဇံတပ်ရင်း ၂ သည် ခိန်းကန်းရွာတွင် တပ်စွဲစဉ် တပ်ရင်း ၃၊ တပ်ခွဲ (၃) တပ်ခွဲမှူးဖြစ်သူ ဦးမန်မွန်းပြောင်ကို ဖမ်းဆီးပြီး ကတိဝန်ခံချက်နှင့်အတူ သေနတ် (၈)လက်ဖြင့် ရွေးခိုင်းကာ ပြန်လွှတ်ပြီးနောက် ဒုတိယအကြိမ် ပြန်လည်ဖမ်းဆီးကာ အသက် သေဆုံးမှုအထိ အရေးယူခဲ့သည်ဟု CDF- တွန်းဇံမှ ဦးထန်ဆွင်းမုန်က ပြောသည်။
ဩဂုတ် ၂၇ ရက် CDF – တွန်းဇံတပ်ရင်း ၂ ၏ ထုတ်ပြန်ချက်တွင် ဦးမန်မွန်းပြောင်းကို အချက် ၉ ချက်ဖြင့် စွပ်စွဲထားပြီးနောက် ခမ်းပတ်တိုက်ပွဲကာလများတွင် ဦးမန်မွန်းပြောင်သည် ခမ်းပတ်စစ်ကောင်စီစခန်းသို့ အကြိမ်ကြိမ် သွားရောက်နေကြောင်း တွေ့ရှိရ၍ အနီးကပ်ဆုံး တော်လှန်ရေးအဖွဲ့အစည်းများကို အသိပေးပြီး ရှင်းလင်းခဲ့သည်ဟု ထုတ်ပြန်ထားသည်။
CDF – တွန်းဇံ တပ်ရင်း (၁) ၏ ဩဂုတ် ၂၉ ရက် ထုတ်ပြန်ချက်တွင် ဦးမန်မွန်းပြောင်ကို သတ်ဖြတ်မှုဖြစ်စဉ်တွင် CDF- တွန်းဇံ တပ်ရင်း ၂ ၏ အွန်လိုင်းမှ ဖွင့်ချဝန်ခံမှသာ ကြားသိရပြီး ကြိုတင်အသိပေးခြင်း၊ သတင်းပို့ခြင်း မရှိကြောင်း၊ ယင်းဖြစ်စဉ်တွင် ပါဝင်မှုမရှိကြောင်း ထုတ်ပြန်ထားသည်။
ဦးမန်းမွမ်ပြောင်၏ ဆွေးမျိုးတော်စပ်သူတစ်ဦးက CDF -တွန်းဇံ တပ်ရင်း ၂ ၏ ဦးမန်းမွမ်းပြောကို စွပ်စွဲသကဲ့သို့ တော်လှန်ရေးကို နှောက်ယှက်သူမဟုတ်ကြောင်း၊ PDF ခမ်းပတ်တပ်ဖွဲ့ကို ကူညီပေးနေသူဖြစ်ကြောင်း၊ ၎င်းမှာ သားနှင့်သမီး ရှိ၍ တပ်ဖွဲ့ဝင်အချင်းချင်း ဖြည်းဖြည်းခြင်း ဖြေရှင်း၍ရကြောင်း ဩဂုတ် ၂၈ ရက်က ခိုနူမ်းသုန်ကို ဖြေကြားခဲ့သည်။
ဦးမန်မွမ်းပြောင်သည် ဇိုမျိုးနွယ်စုကိုယ်စားပြုအဖြစ် ချင်းအမျိုးသားတပ်ဦး CNF/CNA တွင် ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်တစ်ဦးအဖြစ် စာရင်းသွင်းခံထားသူဖြစ်သည်၊
ယင်းကြောင့် လက်ရှိဖြစ်စဉ်ကို CAF/CNA ၏ ဥက္ကဌနှင့် စစ်ဦးစီချုပ်ထံသို့ ဖုန်းဖြင့် ဆက်သွယ်သတင်းပို့ထားပြီး တရားဝင်စာဖြင့် မပို့ရသေးဟု CDF -တွန်းဇံမှ ဦးထန်ဆွင်းမုန်က ပြောသည်။
ဦးမန်မွမ်းပြောင်ကိစ္စများနှင့် ပတ်သက်၍ CNF / CNA အနေဖြင့် မသိရသေးကြောင်း CAN/CNF မှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောသည်။
ချင်းကာကွယ်ရေးတပ်ဖွဲ့ – တွန်းဇံ (CDF- Tonzang) သည် နွေဦးတော်လှန်ရေးမှ ပေါ်ပေါက်လာသော စစ်အာဏာသိမ်းမှုကို ခုခံတော်လှန်နေသည့် တပ်ဖွဲ့တစ်ခုဖြစ်ပြီး ချင်းကာကွယ်ရေးတပ်ပေါင်းစုကော်မတီ Chinland Join Defense Committee (CJDC) အဖွဲ့ဝင်ဖြစ်သည်။