ချင်းကာကွယ်ရေးတပ်ဖွဲ့ CDF-Kanpetlet တပ်ရင်း-၅ (ခေါ်နူးတပ်ရင်း) အတွက် မောင်းပြန်တစ်လက်ဝယ်ယူရန် ရံပုံငွေ ရှာဖွေသည့်အနေဖြင့် “နွားနောက် တစ်ကောင်ယူ၊ ခေါ်နူးအတွက် လှူ” ဆိုသည့် ကံစမ်းမဲအစီစဉ်ကို ယနေ့ မတ်လ ၂၀ ရက်နေ့ကစတင်လိုက်သည်။
ယင်းအစီစဉ်ကို မတ်လ ၂၀ ရက်နေ့မှ ဧပြီလ ၂၀ ရက်နေ့အထိသတ်မှတ်ကာ လက်မှတ်တစ်စောင်ကို မြန်မာကျပ်ငွေ တစ်သောင်းကျပ်သတ်မှတ်ပြီး ပထမဆုရရှိသူသည် ချင်းလူမျိုးများ တန်ဖိုးထားသော နွားနောက်တစ်ကောင် ရရှိမည်ဖြစ်သည်။
နွားနောက်သည် ချင်းလူမျိုးများ၏ ဘာသာရေးပွဲများ၊ လူမှုရေးပွဲ များတွင် မရှိမဖြစ်အသုံးပြုကြရသော ဘိုးဘွားစဉ်ဆက် တန်ဖိုးထားလက်ဆင့်ကမ်းမွေးမြူလာခဲ့ကြသော ချင်းတောင်၏ အမှတ်သင်္ကေတတစ်ခုဖြစ်သည်။
ချင်းလူမျိုးများအနေဖြင့် သား/ သမီးများအား ဂုဏ်ပြုပေးချင်သည်အခါတွင်သော်လည်းကောင်း၊ ချီးမြှင့်ချင်သည့် အခါတွင်သော်လည်းကောင်း နွားနောက်ကိုသာ တန်ဖိုးထား ပေးကမ်းကြသည့် အစဉ်အလာများလည်းရှိပြီး အိမ်ထောင်ပြုသည့်အခါတွင်လည်း နွားနောက်ကို မင်္ဂလာကြေးအဖြစ် မရှိမဖြစ် ထည့်သွင်း ပေးဆောင်ရသော တန်းဖိုးကြီးပစ္စည်းတစ်ခုအဖြစ် သတ်မှတ်ထားကြသည်။
နွားနောက်သည် ချင်းလူမျိုးများ၏ လူနေမှုဘဝထဲတွင် အခြားသောပစ္စည်းများထက်ပို၍ ပေးကမ်းရာတွင်လည်းကောင်း၊ ရယူပိုင်ဆိုင်ရာတွင် လည်းကောင်း အမြတ်တနိုးတန်ဖိုးထားကြပြီး ယခုကမ်းစမ်းမဲအစီစဉ်တွင် ထိုကဲ့သို့ ချင်းလူမျိုးများအတွက် တန်ဖိုးရှိသော နွားနောက်ကို ရယူနိုင်မည့်အခွင့်အလမ်းရရှိမည်ဖြစ်သည်။
CDF-Kanpetlet အတွက် ရံပုံငွေရှာဖွေသော ယခုကံစမ်းမဲအစီစဉ်တွင် ဆုမဲပေါင်း ၄ ဆုနှင့် အထူးဆုများပါဝင်ပြီး ယင်းတို့မှာ ပထမဆု-နွားနောက်ထီး (၁)ကောင် (ကာလတန်ကြေး-၁၀သိန်း)၊ ဒုတိယဆု- ဖုန်း (ကာလတန်ကြေး-၅ သိန်း)တတိယဆု- ဂစ်တာ (ကာလတန်ကြေး-၂သိန်း)၊ စတုတ္တဆု- Charles & Kate အိတ် ( ကာလတန်ကြေး – ၁သိန်းခွဲ) နှင့် အထူးဆု – ဒါးရင်ဒူးကုတ်အင်္ကျီ-ကျားဝတ် (ကာလတန်ကြေး-၁ သိန်း၊ ၂ သောင်း) တို့ဖြစ်သည်။
ကံစမ်းမဲဝယ်ယူအားပေးလိုသူများအတွက် ခေါ်နူးတပ်ရင်း Facebook စာမျက်နှာသို့အသေးစိတ်သွား ရောက်ကြည့်ရှုနိုင်သည်။ https://www.facebook.com/Khonu-Battalion-103509865419629/