(006SV)
မင်းတပ်မြို့နယ်က စစ်ဘေးရှောင်ပြည်သူများအတွက် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) က ပေးထားသည့် လူသားချင်းစာနာမှုဆိုင်ရာထောက်ပံ့ပစ္စည်းများကို မင်းတပ်မြို့သိမ်းတိုက်ပွဲတွင် စစ်ကောင်စီက သုံးစွဲထားသော လက်ကျန်များ သိမ်းဆည်းရမိသည်ဟု မင်းတပ်တော်လှန်ရေးအင်အားစုထံမှ သိရသည်။
၂၀၂၄ ခုနှစ် ဒီဇင်ဘာလက မင်းတပ်မြို့ကို ချင်းညီနောင်နှင့် မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များက အပြီးသတ်သိမ်းပိုက်ခဲ့ရာတွင် စစ်ကောင်စီ အထိုင်ချစခန်းတချို့တွင် UNHCR ၏ လူသားချင်းစာနာမှုထောက်ပံ့ပစ္စည်းလက်ကျန်များကို တွေ့ရှိရခြင်းဖြစ်သည်ဟု မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၊ ပြောရေးဆိုခွင့်ရှိ သူ ကိုယောမာန်က ပြောသည်။
“ယူအင်ရဲ့ ထောက်ပံ့မှုဖြစ်တဲ့ ဆန်၊ ဆီတွေကို စကစတွေ သုံးထားတာ လက်ကျန်တွေ တွေ့ရပါတယ်။ တခြား ဘယ်ပစ္စည်းတွေ သုံးကြလဲ၊ ပါဝင်လဲဆိုတာတော့ မသိရပါဘူး။ မင်းတပ်မြို့ပေါ်က စကစရဲ့ အခြေချစခန်းတစ်ခုပါပဲ။ ဘယ်စခန်းဆိုတာထက်လေ။ စကစက အခြေချစခန်းတစ်နေရာမှာပဲ။ အဲဒီ ရိက္ခာလက်ကျန်တွေနဲ့ UNHCR မိုးကာတွေ တွေ့ရတာပါ။ တခြား စကစ အခြေချ မဟုတ်တဲ့ နေရာမှာလည်း UN မိုးကာတစ်ခု၊ နှစ်ခု တွေ့ရတာ ရှိပါတယ်” ဟု ကိုယောမာန်က ပြောသည်။
မင်းတပ်မြို့သိမ်းတိုက်ပွဲအပြီး စစ်ကောင်စီအထိုင်ချစခန်းများတွင် လက်ကျန်ပစ္စည်းများကို တွေ့ရှိရခြင်းဖြစ်၍ မြို့သိမ်းတိုက်ပွဲ ကာလမှာလည်း ယင်းအထောက်အပံ့ပစ္စည်းများကို စစ်ကောင်စီတပ်က အသုံးပြုနိုင်သည်ဟု ကိုယောမာန်က ပြောသည်။
လူသားစာနာထောက်ပံ့အကူအညီများ အားလုံးသည် လိုအပ်နေသော ဒေသခံပြည်သူများထံ ရောက်ရှိခြင်းမရှိဘဲ စားနပ် ရိက္ခာများအား မင်းတပ်မြို့ခံများကို ရောင်းစားရန်၊ မက်လုံးပေး စွဲဆောင်ရန်နှင့် ဒေသခံလူထုကို စစ်ကြောင်းထိုး၊ ဖမ်းဆီးသတ် ဖြတ်သော နေရာများတွင် စစ်ကောင်စီက အသုံးပြုခဲ့သည်ဟု ကိုယောမာန်က ပြောသည်။
“နိုင်ငံတကာအဖွဲ့အစည်းတွေက ဒုက္ခရောက်တဲ့ ပြည်သူတွေပေးတဲ့ ထောက်ပံ့ကူညီမှုတွေဟာ ပြည်သူကို နှိပ်စက်နေတဲ့ စစ်ကောင်စီကို ထောက်ပံ့တာမျိုး မဖြစ်စေချင်ပါဘူး” ဟု ကိုယောမာန်က ပြောသည်။
၂၀၂၁ စစ်အာဏာသိမ်းပြီးနောက် UNDP၊ UNHCR ၊ ICRC စသည့် နိုင်ငံတကာ အဖွဲ့အစည်းများသည် မင်းတပ်မြို့နယ်တွင် အိုးအိမ်စွန့်ခွာ စစ်ဘေးရှောင်ပြည်သူများကို လာရောက်ထောက်ပံ့ကူညီမှုရှိကြောင်း သိရသည်။
၂၀၂၁ ဇူလိုင်လထဲတွင် မင်းတပ်မြို့နယ်က စစ်ဘေးရှောင်ပြည်သူများကို လူသားချင်စာနာထောက်ထားမှု အကူအညီပေးအပ်ရန် ရောက်ရှိလာသည့် UNHCR အဖွဲ့သည် စစ်ကောင်စီ၏ ကန့်သတ်ပိတ်ပင်မှုကြောင့် ဇူလိုင်လ ၂၂ ရက်က ပြန်လှည့်သွားခဲ့ရသည်။
UNHCR ၏ လူသားချင်စာနာမှုအကူအညီများတွင် ကိုဗစ်- ၁၉ ရောဂါကာကွယ်ရေး တကိုယ်ရေသုံး အကာအကွယ်ပစ္စည်းများ၊ တာပေါလင်၊ ခြင်ထောင်၊ ဖျာ၊ စောင်၊ မီးဖိုချောင်သုံးပစ္စည်း၊ နေရောင်ခြည်စွမ်းအင်သုံး မီးအိမ် စသည့် ပစ္စည်းများကို မင်းတပ်မြို့နယ်က စစ်ဘေးရှောင် အိမ်ထောင်စု ၁၀၀၀ ၊ လူဦးရေ ၅၀၀၀ စာကို ပေးရန်ဖြစ်သည်။
သို့သော် UNHCR အဖွဲ့သည် မင်းတပ်မြို့ပေါ်က စစ်ဘေးရှောင်စခန်း ၅ ခုမှ အိမ်ထောင်စု ၆၆ စု၊ ခန့်မှန်း လူဦးရေ ၅၀၀ ခန့်ကိုသာ ထောက်ပံ့ခွင့်ရရှိခဲ့ပြီး ကျန်ပစ္စည်းများကို မင်းတပ်မြို့ပေါ် ဘုန်းကြီးကျောင်းအပါအဝင် နေရာတချို့တွင် ထားခဲ့ရသည်။
လက်ရှိတွင် မတ်လ ၂၈ ရက်က လှုပ်ခတ်သော အင်အားပြင်ငလျင်ကြောင့် နိုင်ငံတကာမှ ကူညီထောက်ပံ့ထားသော ပစ္စည်းတချို့ သည် လိုအပ်နေသူများထံ မရောက်ရှိဘဲ နေပြည်တော်တွင် ရောင်းချမှုများ ဖြစ်ပွားလာသည်ဟု သတင်းဓါတ်ပုံများ ထွက်ပေါ် လာသည်။