(004SS)
စစ်ကောင်စီ၏ တိုက်ခိုက်မှုကြောင့် ဧပြီလအတွင်း ချင်းအပါအဝင် နိုင်ငံတစ်ဝှမ်းလုံးက အမျိုးသမီး ၇၀ ကျော်သေဆုံးကာ အယောက် ၅၀ ထိခိုက်ဒါဏ်ရာများ ရရှိခဲ့ကြသည်ဟု မြန်မာ့အမျိုးသမီးသမဂ္ဂ (BWU) က ထုတ်ပြန်သည်။
ဧပြီလ ၁ ရက်နေ့ မှ ၃၀ ရက်နေ့အတွင်း နိုင်ငံတစ်ဝှမ်းရှိ ချင်းပြည်နယ်အပါ အဝင် တိုင်းနှင့်ပြည်နယ် ၁၀ ခုမှ အမျိုးသမီး ၇၁ ဦး သေဆုံးခဲ့သည်ဟုဆိုသည်။
စစ်ကောင်စီ၏ လက်ချက်ကြောင့် ချင်းပြည်နယ်မှ အမျိုးသမီး ၄ ဦး၊ စစ်ကိုင်း တိုင်းဒေသကြီးမှ ၃၀ ဦး၊ မန္တလေးတိုင်း ဒေသကြီးမှ ၁၄ ဦး၊ မကွေးတိုင်းဒေသကြီးမှ ၄ ဦး၊ ရခိုင်ပြည်နယ်မှ ၄ ဦး၊ ရှမ်းပြည်နယ်မှ ၁ ဦး၊ ကရင်နီပြည်နယ်မှ ၃ ဦး၊ ပဲခူးတိုင်းဒေသကြီးမှ ၅ ဦး၊ ကရင်ပြည်နယ်မှ ၄ ဦးနှင့် မွန်ပြည်နယ်မှ ၂ ဦး သေဆုံးခဲ့ရကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
အသက်သေဆုံးခဲ့ရသည့် အမျိုးသမီး၇၁ ဦးထဲတွင် အသက် ၁၈ နှစ်အောက် အမျိုးသမီးငယ် ၁၃ ဦး ပါဝင်သည်ဟု မြန်မာ့အမျိုးသမီးများ သမဂ္ဂအဖွဲ့က ပြောသည်။
အဆိုပါ သေဆုံးသူနှင့် ထိခိုက်ဒါဏ်ရာရရှိသူ အမျိုးသမီးများသည် စစ်ကောင်စီ ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသူ ၅၉ ဦးနှင့် ထိခိုက်ဒါဏ်ရာရသူ ၄၀ ဦး၊ လက်နက်ကြီးပစ်ခတ်မှုကြောင့် သေဆုံးသူ ၇ ဦးနှင့် ဒါဏ်ရာရသူ ၅ ဦး၊ သတ်ဖြတ်ခံရမှုကြောင့် သေဆုံးသူ ၅ ဦး၊ မြေမြုပ်မိုင်းကြောင့် ဒါဏ်ရာရရှိသူ ၄ ဦးရှိသည့်အပြင် အရက္ခတပ်ဖွဲ့ဝင်မှ မုဒိန်းပြုကျင့်ခြင်းကြောင့် အမျိုးသမ ၁ ဦးထိခိုက်ဒါဏ်ရာရရှိခဲ့သည်ဟု ၎င်းအဖွဲ့က ထုတ်ပြန်ထားသည်။
ယခုဖော်ပြထားသော အချက်အလက်များသည် မြန်မာ့အမျိုးသမီး သမဂ္ဂက တိကျခိုင်လုံသော သတင်းမီဒီယာများ၏ သတင်း အချက်အလက်များကို စောင့်ကြည့် မှတ်တမ်းကောက်ယူပြီး မြေပြင်မှ ကောက်ယူထားသော အချက်အ လက်များ ကို ပြန်လည် စုစည်းတင်ပြထားခြင်းဖြစ်သည်။
သို့သော် ယခုဖော်ပြသော အချက်အလက်၊ ကိန်းဂဏန်းများသည် မြေပြင်အခြေအနေတွင် ပိုမိုများပြားနိုင်သည်ဟုလည်း ဆိုထားသည်။
မတ်လ ၂၈ ရက်နေ့က မြန်မာနိုင်ငံမှာ ပြင်းထန်ငလျင်လှုပ်ခတ်ခဲ့ပြီးနောက်ပိုင်း တော်လှန်ရေးတပ်ဖွဲ့များ အပါအဝင် စစ်ကောင်စီက ငလျင်ဘေးကူညီကယ် ဆယ်ရေးအတွက် ယာယီအပစ်ရပ်ကြောင်း အသီးသီး ကြေညာခဲ့သော်လည်း စစ်ကောင်စီက အပြစ်မဲ့ပြည်သူများကို ပစ်မှတ်ထားပြီး လေကြောင်းတိုက်ခိုက်မှုများ ဆက်လက်လုပ်ခဲ့သည့်အတွက် အမျိုးသမီး နှင့် မိန်းကလေးငယ်များ နေ့စဉ်နှင့်အမျှ အသက်ဆုံးရှုံးခဲ့ရသည်ဟု BWU ကထုတ်ပြန်ထားသည်။