ချင်းပြည်နယ် ထန်တလန်မြို့ကို အောက်တိုဘာလ ၂၉ ရက်မှာ ပြန်လည်ထိန်းချုပ်နိုင်ပြီဟု စစ်ကောင်စီက ထုတ်ပြန်လာသည်။
စစ်ကောင်စီတပ်ဖွဲ့အနေဖြင့် ထန်တလန်မြို့တွင် အကြမ်းဖက်ချေမှုန်းရေးစစ်ဆင်ရေး (Counter-Terrorism Operation) ကို စနစ်တကျဆောင်ရွက်ခဲ့ရာမှာ ရက်ပေါင်း ၉၀ ခန့်အကြာ အောက်တိုဘာလ ၂၉ ရက် သတင်းကျွတ်လပြည့်နေ့ ညနေပိုင်းမှာ အောင်မြင်စွာထိန်းချုပ်နိုင်ခဲ့ပြီဟု ယနေ့အောက်တိုဘာလ ၃၀ ရက်နေ့တွင် စစ်ကောင်စီလက်အောက်ခံ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားက ကြေညာခဲ့သည်။
စစ်ကောင်စီတပ်ဖွဲ့အနေဖြင့် ဩဂုတ်လကစ၍ ပထမဆင့်အနေဖြင့် ဟားခါးမြို့မှ ၄ မိုင်ခန့်ကွာေ၀◌းသော သီမြစ်ချောင်း ကူးတံတားအထိ ကနဦးခြေကုတ်ရယူကာ၊ ဒုတိယဆင့်အနေဖြင့် သီမြစ်ချောင်းကူးတံတားမှတဆင့် ထန်တလန်မြို့အ၀◌င် နေရာထိလည်းကောင်း၊ တတိယဆင့်အနေဖြင့် ထန်တလန်မြို့ ပြည်သူ့ဆောက်လုပ်ရေးရုံးနှင့် CB ဘဏ်အထိလည်းကောင်း၊ စတုတ္ထနှင့် နောက်ဆုံးဆင့်အဖြစ် ဆေးရုံကုန်း၊ အခြေခံပညာအထက်ကျောင်းတို့ကို အဆင့်ဆင့်သိမ်းပိုက်ကာ တမြို့လုံးကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ခြင်းဖြစ်သည်ဟု စစ်ကောင်စီကဆိုသည်။
တိုက်ပွဲအတွင်း ချင်းအမျိုးသားတပ်မတော် CNF/CNA ဘက်က တပ်ဖွဲ့၀◌င်တချို့ကျဆုံး ဒဏ်ရာရရှိကြသည့်အပြင် လက် နက်ကြီး လက်နက်ငယ်မျိုးစုံ ၁၈ လက်ကိုလည်း သိမ်းဆည်းရမိခဲ့သည်ဟု စစ်ကောင်စီကဖော်ပြထားသည်။
ထန်တလန်မြို့တွင် ၂၀၂၁ ခုနှစ် စက်တင်ဘာလကစ၍ စစ်ကောင်စီတပ်ဖွဲ့နှင့် ချင်းကာကွယ်ရေးတပ်ဖွဲ့များအကြား တိုက်ပွဲ ဖြစ်ပွားလာခဲ့ပြီးနေက် စစ်ကောင်စီတပ်ဖွဲ့က အကြိမ်ကြိမ်မီးရှို့ခဲ့မှုကြောင့် တမြို့လုံးနီးပါး မီးလောင်ပြာကျခဲ့ရသည့်အပြင် ဒေသခံပြည်သူများအားလုံးလည်း ထန်တလန်မြို့ကိုစွန်ခွါကာ အိန္ဒိယနှင့် နယ်စပ်ဘက်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရသည်။
စစ်ကောင်စီတပ်ဖွဲ့၏ မီးရှို့မှုကြောင့် ထန်တလန်မြို့ထဲက ဘုရားကျောင်းများအပါအ၀◌င် လူနေအိမ်ခြေ နှစ်ထောင်နီးပါးခန့် ပြာကျခဲ့ရပြီး မြို့ထဲတွင် စစ်ကောင်စီတပ်ဖွဲ့နှင့် ချင်းကာကွယ်ရေးတပ်ဖွဲ့များသာ အခြေချတပ်စွဲကာ တိုက်ပွဲပြင်းထန်သော ရှေ့တန်းစစ်မြေပြင်တခုဖြစ်လာခဲ့သည်။
ထန်တလန်မြို့နယ်သည် ချင်းအမျိုးသားတပ်ဦး CNF/CNA ဗဟိုဌာနချုပ် ၀◌ိတိုရိယစခန်းအခြေစိုက်ရာနေရာဖြစ်သည်။
ယခုကဲ့သို့ ထန်တလန်မြို့ကို ပြန်လည်ထိန်းချုပ်ပြီဟု စစ်ကောင်စီက ထုတ်ပြန်လာသည့်ကိစ္စနှင့်ပတ်သက်၍ ချင်းအမျိုးသား တပ်ဦး CNF ဘက်ကို မေးမြန်းရန်ကြိုးစားသော်လည်း ဆက်သွယ်၍မရသေးပေ။