ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်၏ ဖိတ်ကြားမှုဖြင့် ချင်းပြည်သူ့အစည်းအရုံး ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်များသည် ဖေဖော်ဝါရီလက အာရက္ခဒေသသို့ သွားရောက်ခဲ့ပြီး ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ အာရက္ခတပ်တော် ခေါင်းဆောင်များနှင့် တွေ့ဆုံခဲ့ကြသည် CPU က ယနေ့ဧပြီလ ၂၀ ရက်နေ့တွင် အသိပေးထုတ်ပြန်လာသည်။
အဆိုပါ တွေ့ဆုံဆွေးနွေးမှုတွင် လက်ရှိနွေဦးတော်လှန်ရေး၏ ဖြစ်ပေါ်တိုးတက်မှု အခြေအနေများနှင့် စပ်လျဉ်း၍သော်လည်းကောင်း၊ ချင်းပြည်သူလူထုနှင့် အာရက္ခပြည်သူများ အကြား အိမ်နီးချင်းကောင်းများပီသစွာ ရေရှည် အပြန်အလှန်အကျိုးပြုရေးတို့အတွက် ဆွေးနွေးတိုင်ပင်ခဲ့ပြီး ရှေ့ဆက်ပူးတွဲလုပ်ဆောင်မည့် လုပ်ငန်းစဉ်များကိုလည်း ချမှတ်နိုင်ခဲ့ကြသည်ဟုဆိုသည်။
ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်သည် ချင်းပြည်သူ့အစည်းအရုံး၏ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်များကို နွေးထွေးလှိုက်လှဲစွာ ကြိုဆိုဧည့်ခံခဲ့ကြပြီး အာရက္ခဒေသတွင်းရှိ အထင်ကရနေရာများကိုလည်း လိုက်လံပြသပို့ဆောင်ပေးခဲ့ကြသည်ဟု သိရသည်။
ရက်သတ္တပတ် (၂) ပတ်ခန့် ကြာမြင့်ခဲ့သည့် အဆိုပါခရီးစဉ်သည် ချင်းပြည်သူ့အစည်းရုံး/ ချင်းပြည်သူ့တပ်မတော်အတွက် လေ့လာသင်ယူစရာများနှင့်တကွ အလွန်တရာအကျိုးရှိသော ခရီးစဉ်ဖြစ်ခဲ့ပြီး ချင်းပြည်သူ့အစည်းအရုံးအနေဖြင့် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်အား လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ရှိကြောင်း ဖော်ပြထားသည်။
ချင်းပြည်သူ့အစည်းအရုံးသည် ချင်းညီနောင်အဖွဲ့ဝင်များဖြစ်သော မင်းတပ်မြို့နယ် တော်လှန်ရေးဦးဆောင်ကော်မတီ/ မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့/ ချင်းကာကွယ်ရေးတပ်ဖွဲ့ – မင်းတပ်၊ မတူပီတော်လှန်ရေးအဖွဲ့ချုပ်/ ချင်းကာကွယ်ရေးတပ်ဖွဲ့ – မတူပီ နှင့် ကန်ပက်လက်မြို့နယ်ကောင်စီ/ ကန်ပက်လက်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့/ ချင်းကာကွယ်ရေးတပ်ဖွဲ့ – ကန်ပက်လက် တို့အပြင် ဒိုင်ရ်ဒေသန္တရကောင်စီ/ ချင်းကာကွယ်ရေးတပ်ဖွဲ့ – ဒိုင်ရ် တို့ကို စုစည်းပြီး ဒေသတွင်း နိုင်ငံရေးစစ်ရေး ဦးဆောင်မှုပေးရန်အတွက် ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ (၁၅) နေ့တွင် စတင်ဖွဲ့စည်းခဲ့ကြခြင်းဖြစ်သည်။

