သတိရှိရှိ သွားလာပါ၊ ဘေးအန္တရာယ် ကင်းအောင်နေပါ၊ ဖုံးကွယ်ထားသော မြေမြုပ်မိုင်းအန္တရယ်များကို သတိပြုပါ။ လူသတ်နင်းမိုင်းနှင့် အစအနထွက်မိုင်း (တိုက်မိုင်း၊ ကြိုးမိုင်း) တို့၏ ကွာခြားချက်ကို သိရှိနားလည်ခြင်းဖြင့် မိမိကိုယ်ကိုနှင့် ကိုယ့်ပတ်ဝန်းကျင်ရှိသူများ၏ အသက်ကို ကယ်တင်နိုင်ပါတယ်။
လူသတ် နင်းမိုင်းနှင့် ဖြာထွက်/ အစအနထွက်မိုင်းအကြောင်း သိရှိနားလည်ပြီး အသက်အန္တရာယ်ကို ရှောင်ရှားကြစို့။
လူသတ်နင်းမိုင်း
• မြေကြီးအောက်မှာ မြှုပ်ထားတတ်ပြီး နင်းမိတဲ့အချိန်မှာ အပေါ်ကို တိုက်ရိုက်ပေါက်ကွဲတဲ့ မိုင်းဖြစ်ပါတယ်။
• ဒီမိုင်းတွေဟာ ဖိအားပေးမှ ပေါက်ကွဲတဲ့ အမျိုးအစားဖြစ်ပါတယ်။ ပုံမှန်အားဖြင့် နင်းမိတဲ့အခါ ပေါက်ကွဲတတ်ပါတယ်။ မြေမျက်နှာပြင်အောက် (၁) လက်မကနေ (၂) လက်မအကွာမှာ မြှုပ်ထားတတ်တာကြောင့် သာမန်မျက်စိနဲ့ မမြင်နိုင်ပါဘူး။
• ပေါက်ကွဲမှု သဘောသဘာဝ အားဖြင့် ပေါက်ကွဲအားဟာ အပေါ်တည့်တည့်ကို ဦးတည်ပါတယ်။ ခြေထောက်နဲ့ မိုင်း တိုက်ရိုက်ထိကပ်နေတာကြောင့် ခြေဖဝါး ဒါမှမဟုတ် ခြေထောက်ကို ပြတ်ထွက်သွားစေဖို့ ရည်ရွယ်ပြီး ပြုလုပ်ထားတာဖြစ်ပါတယ်။
• သတိထားရမည့် အသွင်အပြင် ကတော့ ဒီမိုင်းတွေဟာ သေးငယ်ပြီး သာမာန်မျက်စိဖြင့်သော်လည်ကောင်း၊ မိုင်းရှာစက်ဖြင့်သော်လည်ကောင်း ရှာလို့မရအောင် ပြုလုပ်ထားတာ များပါတယ်။ ပုံသဏ္ဍာန်ကတော့ ငါးသေတ္တာဘူးအသေး၊ ဖိနပ်တိုက်ဆေးဘူးအရွယ်အစားလိုမျိုး ရှိတတ်ပါတယ်။ မြေကြီး ဒါမှမဟုတ် မြက်ခင်းတွေနဲ့ ရောနှောနေအောင် ဝေခွဲရခက်တဲ့အရောင်နဲ့ လူအများသိချင်သည့်အရောင်များဖြင့်လည်း အသုံးပြုတတ်ပါတယ်။ ဉပမာ – အစိမ်းရောင်၊ အညိုရောင်နဲ့ အမည်းရောင်တွေကို အသုံးများပါတယ်။
လူသတ် ဖြာထွက်/အစအနမိုင်း
• ဖြာထွက် ဒါမှမဟုတ် အစအနထွက်မိုင်းပါ။ ပေါက်ကွဲတဲ့အခါ အထဲမှာ လူကိုထိခိုက်စေဖို့ထည့်ထားတဲ့ သံတိုသံစတွေက ဘေးပတ်ပတ်လည်ကို လွင့်စင်စေပြီး ထိခိုက်ဒဏ်ရာရစေပါတယ်။
• ဒီမိုင်းတွေကို များသောအားဖြင့် မြေပြင်အထက် သစ်ပင်တွေမှာ ချည်နှောင်ထားတာ ဒါမှမဟုတ် ချုံပုတ်တွေထဲမှာ ဝှက်ထားတတ်ပါတယ်။ များသောအားဖြင့် တိုက်ကြိုး (မြင်ရခဲတဲ့ နန်းကြိုးမျှင်၊ တစ်နည်းအားဖြင့် ဂီတာကြိုးအသေးဆုံးသာသာ) နဲ့ ချိတ်ဆက်ထားပြီး ခြေထောက်နဲ့ တိုက်မိတဲ့အခါ ပေါက်ကွဲပါတယ်။
• သေစေနိုင်သည့် အစွမ်း – မိုင်းရဲ့ ကိုယ်ထည်ကို ထူထဲတဲ့ သံကိုယ်ထည်နဲ့ လုပ်ထားသလို အထဲမှာလည်း သံလုံးလေးတွေ၊ သံမှိုတွေ၊ သံစတွေကို ထည့်သွင်းထားပါတယ်။ ပေါက်ကွဲတဲ့အခါ အဲ့ဒီအစအနတွေဟာ ကျည်ဆန်တွေလိုပဲ ဘေးပတ်ပတ်လည်ကို အရှိန်ပြင်းပြင်းနဲ့ လွင့်စင်ပြီး ထိမှန်သူကို သေစေနိုင်ပါတယ်။
• အန္တရာယ်ရှိသည့် အကွာအဝေး အနေနဲ့ နင်းမိုင်းဟာ နင်းမိသူတစ်ဦးတည်းကိုပဲ ထိခိုက်စေပေမယ့် အစအနမိုင်းကတော့ အဲဒီထက်မကအတွင်းမှာရှိတဲ့သူအားလုံးကို သေစေနိုင်တာ ဒါမှမဟုတ် ပြင်းထန်စွာ ဒဏ်ရာရစေနိုင်ပါတယ်။

