(006SV)
အရှိုချင်းကာကွယ်ရေးတပ် ACDF သည် အရှိုအမျိုးသား ကိုယ်ပိုင်ပြဌာန်းခွင့် အာမခံချက်ရှိသော အရှိုမြေ Asho Land တည်ဆောက်ရန်အတွက် အဖွဲ့အစည်းအမည်ကို အရှိုအမျိုးသားအဖွဲ့ချုပ်/ အရှိုအမျိုးသားတပ်တော် (ANO/ ANA) ဟူ၍ ပြောင်းလဲဖွဲ့စည်းလိုက်ကြောင်း ကြေညာသည်။
၂၀၂၁ နှစ်ဆန်း စစ်အာဏာသိမ်းပြီးနောက် နိုဝင်ဘာလ ၁၆ ရက်မှာ နွေဦးတော်လှန်ရေးကို အခြေခံ၍ ဖွဲ့စည်း ဆောင်ရွက်ခဲ့သော ACDF သည် ယခုနှစ် စက်တင်ဘာလ ၂၀ ရက်မှ ၂၄ ရက်အထိ ကျင်းပခဲ့သော တပ်ညီလာခံ၏ သဘောတူ ဆုံးဖြတ်ချက်အရ ယင်းသို့ ပြောင်းလဲလိုက်သည်ဟု ANO/ ANA က အောက်တိုဘာလ ၁၂ ရက်မှာ ထုတ်ပြန်သည်။
ANO/ ANA သည် အရှိုအမျိုးသား ကိုယ်ပိုင်ပြဌာန်းခွင့် အာမခံချက်ရှိသော အရှိုမြေ Asho Land တည်ဆောက်ရန်၊ ဒီမိုကရေစီ စနစ်အရ နိုင်ငံရေး၊ အမျိုးသားရေး၊ တန်းတူအာမခံချက်ရှိသော ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရန်၊ အာဏာရှင်စနစ်ဟူသမျှ အမြစ်ဖြတ်တော်လှန်ရန်နှင့် အရှိုအမျိုးသားနိုင်ငံရေးကို အစဉ်တစိုက် ဦးဆောင်ရန် ရည်ရွယ်ကြောင်း သိရသည်။
အမည်ပြောင်းလဲသတ်မှတ်ခြင်းက အဖွဲ့၏ မူလရည်ရွယ်ချက်များကို ပြောင်းလဲပစ်ခြင်း မဟုတ်ဘဲ လုပ်ငန်းတာဝန်နှင့် ဆောင်ရွက်မှု နယ်ပယ်များကို ပိုမိုကျယ်ပြန်စေပြီး မိမိတို့ လူမျိုးနှင့် လူထု၏ အကျိုးစီးပွားကို ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်မည်ဟု ANO/ ANA က ဆိုသည်။
ယခင် ACDF အဖွဲ့အဖြစ် ဆောင်ရွက်ခဲ့စဉ်က တည်ဆောက်ထားရှိသော သက်ဆိုင်ရာဌာနဆိုင်ရာများ၊ မိတ်ဖက်အဖွဲ့များ၊ လူမှုရေး အဖွဲ့များနှင့် ပြည်သူလူထုတို့အကြား ပူးပေါင်းဆောင်ရွက်မှုများ၊ ဆက်ဆံရေးများနှင့် လုပ်ငန်းဆိုင်ရာ သဘောတူညီမှုများကို မူလရပ်တည်ချက်များနှင့်အညီ ဆက်လက်ထိန်းသိမ်းဆောင်ရွက်မည်ဟု သိရသည်။
အဖွဲ့နှင့် ပတ်သက်သော ရုံးလုပ်ငန်းနှင့် စာပေးစာယူကိစ္စများ၊ လုပ်ငန်းညှိနှိုင်းဆောင်ရွက်မှုများနှင့် အခြားဆက်သွယ်ဆောင်ရွက်ရန် ရှိသော ကိစ္စများအားလုံးကို ANO/ ANA နှင့်သာ ဆက်လက်ဆက်သွယ် ဆောင်ရွက်ရန် ANO က အသိပေးသည်။
ACDF ၏ အမည်၊ လိုဂို၊ အလံ၊ ရုံးတံဆိပ်နှင့် အခြားတရားဝင် ကိုယ်စားပြုအမှတ်အသားများသည် အောက်တိုဘာလ ၁၂ ရက်မှ စတင်၍ ပယ်ဖျက်ပြီးဖြစ်၍ အဖွဲ့နှင့် သက်ဆိုင်မှု မရှိတော့ကြောင်း၊ လက်ရှိ ANO/ ANA ၏ တရားဝင်ကိုယ်စားပြု အမှတ်အသား အဖြစ် အသုံးပြုခွင့် မရှိတော့ကြောင်း သိရသည်။
အကျိုးသက်ရောက်သည့် နေ့မှစ၍ အဖွဲ့၏ ရုံးလုပ်ငန်းများနှင့် တရားဝင် ဆက်သွယ်ဆောင်ရွက်မှုများတွင် ANO/ ANA အမည်သစ်၊ တံဆိပ်အမှတ်အသားသစ်၊ အလံသစ်နှင့် ရုံးတံဆိပ်တုံးအသစ်များကိုသာ အသုံးပြုသွားမည်ဟု သိရသည်။
အမည်ပြောင်းလဲသတ်မှတ်မှုနှင့် အမှတ်တံဆိပ်ဟောင်းများ ပယ်ဖျက်မှုတို့ကို မိတ်ဖက်အဖွဲ့များနှင့် လူထုတစ်ရပ်လုံးက သိရှိ မှတ်သားနိုင်ပါရန်နှင့် အဖွဲ့၏ ရှေ့ဆက်လုပ်ငန်းစဉ်များတွင် ယခင်ကဲ့သို့ ဆက်လက်ပူးပေါင်း ဆောင်ရွက်ပေးပါရန် ANO/ ANA က တောင်းဆိုသည်။
ယခင် ACDF ၏ အမျိုးသားနိုင်ငံရေးမျှော်မှန်းချက်မှာ တိုင်းရင်းသား EAOs များနှင့် နိုင်ငံရေး မျှော်မှန်းချက် တူညီသော ဒေသန္တရတော်လှန်ရေးအင်အားစုများနှင့် လက်တွဲရေး၊ လူနည်းစု တိုင်းရင်းသားများ၏ အာမခံချက်ရှိသော ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေး၊ ခေတ်အဆက်ဆက် အရှိုချင်း ဘိုးဘေးများမှ တည်ဆောက်နိုင်ခြင်း မရှိသော အရှိုချင်းအမျိုးသားနိုင်ငံရေးကို ၂၁ ရာစု မြန်မာ့နိုင်ငံရေး ပလက်ဖောင်းပေါ်တွင် တည်ဆောက်ရေးနှင့် အရှိုချင်းတိုင်းရင်းသားလူမျိုးများ၏ ကိုယ့်ကြမ္မာကို ဖန်တီးရေးနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့် နယ်မြေ ရရှိရေးတို့ဖြစ်သည်။
အရှိုချင်းလူမျိုးများသည် ချင်းပြည်နယ်ပြင်ပတွင် မကွေး၊ ပဲခူး၊ ဧရာဝတီ၊ ရခိုင်နှင့် အခြားဒေသတချို့တွင် ပြန့်ကြဲနေထိုင်ကြောင်း သိရသည်။
