(006SV)
ချင်းကာကွယ်ရေးတပ်ဖွဲ့တစ်ခုဖြစ်သည့် CDF- Mara တပ်ရင်း (၄) မှ ရဲဘော် (၄) ဦးကို Maraland Defense Force (MDF) နှင့် ရက္ခိုင်တပ်တော် (AA) တို့က ဖမ်းဆီးထားသည်ဟု CDF – Mara က ယနေ့ သတင်းထုတ်ပြန်သည်။
ဇန်နဝါရီလ ၅ ရက်က မီဇိုရမ်ပြည်နယ်၊ လုံပူးကျေးရွာမှ ပထိန်တလန်ကျေးရွာသို့ သွားရာ လမ်းခရီးအတွင်းရှိ ရွှေလိုက်ဝကျေးရွာတွင် CDF- Mara တပ်ရင်း (၄) မှ ဘိတ်နှေချွာ (တပ်ခွဲမှူး) နှင့် ဘွေးယာ (တပ်သား) တို့ကို MDF တပ်ရင်းမှူး တူပါး ဦးဆောင်သည့် တပ်ဖွဲ့မှ ဖမ်းဆီးချုပ်နှောင်ခဲ့သည်ဟု သိရသည်။
CDF- Mara တပ်ရင်း (၄) မှ ရဲဘော် (၂) ဦး ဖမ်းဆီးခံရမှုအတွက် CDF- Mara မှ ဗျူဟာမှူး ဦးထက်ဆန်းနှင့် တပ်ရင်းမှူး ဦးခူးမာ တို့က Maraland Defense Force (MDF) နှင့် ရက္ခိုင်တပ်တော် (AA) တာဝန်ရှိသူများထံ လွှတ်ပေးရန် တောင်းဆိုခဲ့သည်ဟု သိရသည်။
CDF – Mara မှ ဗျူဟာမှူးနှင့် တပ်ရင်းမှူူးတို့ကို လက်နက်ခဲယမ်းမပါဘဲ ရွှေလိုက်ဝကျေးရွာသို့ လာရောက်ရန် လုံခြုံရေးကို တာဝန်ယူမည်ဖြစ်ကြောင်း၊ ရွှေလိုက်ဝကျေးရွာရောက်လျှက် ချက်ချင်းလွှတ်ပေးမည်ဟု AA နှင့် MDF တာဝန်ရှိသူများက ပြောဆိုခဲ့သည်ဟု CDF – Mara က ထုတ်ပြန်သည်။
ဇန်နဝါရီလ ၇ ရက်တွင် CDF Mara မှ ဗျူဟာမှူးနှင့် တပ်ရင်းမှူးတို့သည် ရွှေလိုက်ဝကျေးရွာသို့ သွားရောက်ရာတွင် ၎င်းတို့ကိုပါ ဖမ်းဆီးထားလိုက်သည်ဟု သိရသည်။
MDF ခေါင်းဆောင်များထံ ပြန်လည်လွှတ်ပေးရန် အကြိမ်ကြိမ် တောင်းဆိုခဲ့သော်လည်း တစုံတရာ တုံံ့ပြန်ခြင်းမရှိကြောင်း၊ CDF – Mara မှ ရဲဘော် (၄) ဦး၏ သတင်းအစအနနှင့် ပတ်သက်၍ တစ်ပတ်နီးပါးကြာအထိ မကြားသိရသောကြောင့် မိသားစုဝင်များနှင့် ရဲဘော်များက စိုးရိမ်နေသည်ဟု CDF – Mara က ထုတ်ပြန်သည်။
ယခုကဲ့သို့ ဖမ်းဆီးထားမှုသည် မရာလူမျိုးအချင်းချင်းကြား မလိုလာအပ်သောပြသနာ ကြီးထွားနိုင်ကြောင်း CDF – Mara က သတင်းထုတ်ပြန်သည်။
CDF – Mara တပ်ဖွဲ့ဝင်များ ဖမ်းဆီးခံထားရမှုနှင့် ပတ်သက်၍ MDF တာဝန်ရှိသူများထံ ဆက်သွယ်သော်လည်း လက်ရှိတွင် ဖြေဆို၍ မရသေးကြောင်း ပြောသည်။