(005MK)
ချင်းပြည်နယ်၊ ဖလမ်းမြို့နယ် ဟွာလ်ငိုးရမ်းဒေသ ရိခေါဒါရ်မြို့ မူကြိုကျောင်းတွင် HPO/CDF-Hualngoram တပ်ဖွဲ့က ယမန်နေ့က ဘိန်းဖြူဟောင် ၄၀၀ ကျော်ဖမ်းဆီးရမိခဲ့သည်ဟု သိရသည်။
အိန္ဒိယ-မြန်မာနယ်စပ် ရိခေါဒါရ်မြို့အမှတ် ၂ ရပ်ကွက်မှာ Pu Ngun Sui Thang က ဖွင့်လှစ်ထားသော TPCE မူကြိုကျောင်းကို HPO/CDF-Hualngoram တပ်ဖွဲ့က ရှာဖွေစစ်ဆေးရာမှာ ဆပ်ပြာဖူးထဲ ထည့်ထားသော ဘိန်းဖြူ ၄၂၇ ဟောင်ကို ဖမ်းဆီးရမိခဲ့သည်ဟု ရုပ်သံမှတ်တမ်းနှင့်တကွ Rihlipui Post သတင်းဌာနက ဖော်ပြသည်။
TPCE မူကြိုကျောင်းပိုင်ရှင် Pu Ngun Sui Thang သည် ချင်းအမျိုးသားအဖွဲ့ချုပ် CNO/CNDF ၏ ပညာရေးဘုတ် အဖွဲ့ဝင်တစ်ဦးဖြစ်ကြောင်း သိရသည်ဟု Rihlipui Post က ဆိုသည်။
သို့သော်လည်း ခိုနူမ်းသုန်အနေဖြင့် သီးခြားအတည်ပြု၍မရသေးပေ။
အဆိုပါ မူကြိုကျောင်းကို ဝင်ရောက်ရှာဖွေချိန်တွင် Pu Ngun Sui Thang မရှိသောကြောင့် ဇနီးဖြစ်သူ Pi Ṭuan Kim Thiam ကို ဖမ်းဆီးခဲ့ကြပြီး Pu Ngun Sui Thang အား ဆက်လက်ဖမ်းဆီးနိုင်ရေးအတွက် ဆက်လက်စုံစမ်းဆောင်ရွက်နေကြောင်း သိရသည်။
ရိခေါဒါရ်မြို့တွင် ဒေသန္တရအုပ်ချုပ်ရေးလုပ်ငန်းဖော်ဆောင်နေသော HPO/CDF-Hualngoram သည် မူးယစ်ဆေးဝါး တိုက်ဖျက်ရေးကိုလည်းဖော်ဆောင်နေပြီး ယခုမေလအတွင်းမှာ မူးယစ်ဆေးဝါးမှုဖြင့် အခြား လူ ၃ ဦးကိုလည်း ဖမ်ဆီးထားပြီဟု သိရသည်။