(004SS)
စစ်ကိုင်းတိုင်း ကလေးမြို့အနောက်တောင်ပိုင်း မြို့လှရပ်ကွက်တွင် စစ်ကောင်စီတပ်ဖွဲ့က လက်နက်ကြီးများ ပစ်ခတ်မှုကြောင့် ယနေ့စက်တင်ဘာလ ၂၉ ရက်မနက်ပိုင်းက ဒေသခံ အမျိုးသမီး တစ်ဦး ပွဲချင်းသေဆုံးခဲ့ပြီး အမျိုးသား ၃ ဦး ဒဏ်ရာရရှိကြောင်း ဒေသခံများထံမှသိရသည်။
“အင်ဂါနေ့ကနေစပြီး တိုက်ပွဲစဖြစ်တာပေါ့နော်၊ ဒီနေ့ညနေမှာတောင်မှ ကလေးမြို့ထဲကနေ ၁၂၀ မမ နဲ့ လှမ်းထုနေတာ လက်နက်ကြီးသံတွေကြားနေရတယ်။ လက်နက်ကြီးကြောင့် မြို့လှရပ်ကွက်က အမျိုးသမီး ဗိုက်ပွင့်ပြီး ပွဲချင်းဆုံးသွားတယ်၊ နောက် အမျိုးသား ၃ ယောက် လဲ ထိခိုက်ထားတယ်၊ စကစကတော့ ပြည်သူတွေနေတဲ့ရွာတွေ၊ ရပ်ကွက်တွေမှာ ရမ်းသမ်း ပစ်ခတ်တာ များတယ်’’ ဟု ဒေသခံတစ်ဦးက ပြောသည်။
လက်နက်ကြီးကြောင့် အမျိုးသား ၃ ဦး၏ ထိခိုက်မှု ဒါဏ်ရာအခြေအနေကိုတော့ အတိအကျ မသိရပေ။
လွန်ခဲ့သည့် စက်တင်ဘာလ ၂၆ ရက်နေ့မှ စတင်ကာ ယနေ့အထိ စစ်ကောင်စီတပ်ဖွဲ့နှင့် ၎င်းတို့၏ လက်ေ၀ခံ ပျူစောထီး ပူပေါင်းတပ်ဖွဲ့နှင့် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့အကြား ကလေးမြို့အနောက်တောင်ပိုင်းတွင် ထိတွေ့ပစ်ခတ်မှုများ ဖြစ်ပွားကာ စစ်ရေးတင်းမာလျက်ရှိနေပြီး စစ်ကောင်စီတပ်ဖွဲ့မှ လက်နက်ကြီးများ ရမ်းသမ်းပစ်ခတ်ခြင်းဟု သိရသည်။
စက်တင်ဘာ ၂၈ ရက်ညပိုင်းကလည်း စစ်ကောင်စီတပ်က ပစ်ခတ်သော လက်နက်ကြီးကြောင့် တပ်ဦးတီတာရပ်ကွက်နေ အရပ်သား ၂ ဦးထိခိုက်ခဲ့သည်ဟုသိရသည်။ ထို့အပြင် ယင်းနေ့ညနေပိုင်းတွင် မွန်းလိုင်ရပ်ကွက်က အသက် ၁၂ နှစ်အရွယ် ကလေးငယ်တစ်ဦးလည်း ဗုံးပေါက်ကွဲမှုကြောင့် သေဆုံးခဲ့သည်။
အလားတူ စက်တင်ဘာ ၂၇ ရက်နေ့ကလည်း ကလေးမြို့နယ်တောင်ပိုင်း ရှားဖိုရွာထဲတွင် စစ်ကောင်စီတပ်ဖွဲ့ ပစ်ခတ်လိုက် သည့် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် မိသားစုဝင် လေးဦးသေဆုံးပြီး ထိုမြင်ကွင်းကို မြင်တွေ့ခဲ့သူ အမျိုးသမီးမှာလည်း နှလုံးရပ် သေဆုံးခဲ့ေကြာင်း သိရသည်။
ယခုလက်ရှိတွင် ကလေးမြို့အနောက်တောင်းပိုင်းက မြို့လှ၊ အင်းဒိုင်ကုန်း၊ မွန်ထာနှင့် စက္ကန့်ကျေးရွာတို့မှ အရပ်သားပြည်သူ ၁၀၀၀ ကျော် ဘေးလွတ်ရာသို့ စစ်ဘေးတိမ်းရှောင်နေကြရကြောင်း ကလေးမြို့နယ် စစ်ဘေးရှောင်များ ကူညီပေးနေသူများထံမှ သိရသည်။