(06SV)
စစ်ကိုင်းတိုင်း၊ ကလေးမြို့နှင့် ချင်းပြည်နယ်မြောက်ပိုင်းကို ဆက်သွယ်ရာတွင် အဓိက လမ်းမကြီးဖြစ်သော ကလေး- သိုင်းငင် လမ်းမကြီးကို ယနေ့ ဇူလိုင်၁၄ ရက်မှ စတင်၍ ပြည်သူများ လုံးဝအသုံးမပြုရန် ချင်းကာကွယ်ရေးတပ်-CDM စီးယင်းက ထုတ်ပြန်သည်။
ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ သိုင်းငင်ရွာက စစ်ကောင်စီတပ်စခန်းကို ဇူလိုင် ၁၁ ရက်က ချင်းကာကွယ်ရေးပူး ပေါင်းတပ်က တိုက်ခိုက်ခဲ့ပြီး ၄ ရက်ကြာ၊ ယနေ့မှာ အများပြည်သူအနေဖြင့် ၎င်း လမ်းမကြီးကို အသုံးမပြုရန် ထုတ်ပြန်ခြင်းဖြစ်သည်။
ကလေး-သိုင်းငင်လမ်းမကြီး အသုံးပြုနိုင်မည့် အချိန်ကို ပြန်လည်အကြောင်းကြာမည်ဟု တီးတိန်အခြေစိုက် ချင်းကာကွယ်ရေးတပ် CDF-CDM စီးယင်းက ထုတ်ပြန်ထားသည်။
၎င်းလမ်းမကြီးကို ယာယီပိတ်ထားရမှုနှင့်ပတ်သက်၍ CDF-CDM စီးယင်းတပ်ဖွဲ့ကို ဆက်သွယ်မေးမြန်းရန် ကြိုးစားသော်လည်း ဆက်သွယ်၍ မရသေးပါ။
သိုင်းငင်-ကလေး လမ်းမကြီးပေါ်ရှိ သိုင်းငင်ကျေးရွာသည် ကလေးမြို့မှ ချင်းတောင် တီးတိန်- ရိခေါဒါရ် နှင့် ဖလမ်း- ဟားခါးဘက်သို့ သွားသည့် လမ်းစုံလမ်းခွ တွင် တည်ရှိပြီး ၎င်းရွာရှိ စစ်ကောင်စီစခန်းမှာ ခရီးသွားပြည်သူများကို စစ်ဆေး၊ ဖမ်းဆီးမှုများ မကြာခဏပြုလုပ်ကြောင်း သိရသည်။
ထို့ကြောင့် ဇူလိုင်လ ၁၁ ရက်က ချင်းကာကွယ်ရေးပူးပေါင်းတပ် (CDFs) နှင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDFs) တို့ သိုင်းငင်ရွာစစ်ကောင်စီစခန်းကို စီးနင်းတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီက အများအပြားထိခိုက်သေဆုံးခဲ့ပြီး စစ်ကောင်စီက လေကြောင်းပစ်ကူနဲ့ လက်နက်ကြီးပစ်ကူများဖြင့် ပြန်လည်ခုခံခဲ့သည်ဟု ချင်းကာကွယ်ရေးတပ်ဖွဲ့- စီးယင်းက ပြောထားသည်။
ချင်းကာကွယ်ရေးပူးပေါင်းတပ်ဘက်ကလည်း ရဲဘော် ၄ ဦး ကျဆုံးခဲ့ပြီး ၂ ဦး မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့ကာ လက်နက်ခဲ ယမ်းအများအပြားလည်း သိမ်းဆည်းရမိခဲ့သည်ဟု သိရသည်။