စစ်ကိုင်းတိုင်း ကလေးမြို့မှ စစ်ကောင်စီတပ်ဖွဲ့များ ချင်းပြည်နယ်သို့ စစ်ကြောင်းထိုးလာသည့်အတွက် ကလေး-သိုင်းငင်း ကားလမ်းကို ယနေ့မေလ ၂၀ ရက် နေ့လယ် ၁၂ နာရီနောက်ပိုင်း အတက်အဆင်းအားလုံး ယာယီပိတ်လိုက် သည်ဟု CDF-CDM Siyin က ထုတ်ပြန်သည်။
“အခု လမ်းတွေကတော့ ပိတ်ထားလိုက်ပြီ။ ဘာလို့လဲဆိုတော့ သူတို့က တောထဲမှာ နေတော့ ကားနဲ့ မဟုတ်တော့ ရိက္ခာမပါဘူး။ ရေမပါဘူး။ ကားတွေကို ရေတောင်းတာ၊ သယ်ခိုင်းတာတို့ ရှိတော့ ကလေးမြို့၊ ခိုင်ကမ်းကနေ တက်လာတဲ့ ကားအကုန်လုံးနဲ့ ဆင်းလာတဲ့ ကားအကုန်ကို ပိတ်လိုက်တာဖြစ်တယ်” ဟု CDF-CDM Siyin ပြောရေးဆိုခွင့်ရှိသူကပြောသည်။
လမ်းပြန်မဖွင့်မချင်း ပြည်သူများမှ ကလေးသိုင်းငင်းလမ်းမကြီးကို အသုံးမပြုရန်နှင့်ယာယီပိတ်ထားပြီးအချိန်နောက်ပိုင်း ပြဿနာတစ်ခုမျှ တာဝန်ယူမည်မဟုတ်ကြောင်း CDF-CDM Siyin က အရေးပေါ်ထုတ်ပြန်သည်။
ယမန်နေ့ မေလ ၁၉ ရက်နေ့က ကလေးမြို့မှ စစ်ကောင်စီတပ်ဖွဲ့များသည် စစ်ယာဉ်တန်း ၁၅ စီးခန့်ဖြင့် ချင်းတောင်ဘက်သို့ စစ်ကြောင်းထိုးလာပြီး ကလေးကောလိပ်ဝန်းထဲမှာ ကားတွေကိုထားခဲ့ကာ ခြေလျင်ဖြင့်တောလမ်းအတိုင်း တက်လာကြတယ်လို့ သိရပါတယ်။
“ကလေးကောလိပ်ကနေ တက်လာပြီးရင် ခိုင်ကမ်းဘက်ပေါ့၊၊ ခိုင်ကမ်းဂိတ်ကနေ တက်လာရင် ၊ သူတို့က တောင်ပေါ် ကားလမ်းမကြီး ဖြစ်တာပေါ့နော်။ ခိုင်ကမ်းဂိတ် မရောက်ခင်၊ ကလေးကောလိပ်ဝန်းထဲကို ဝင်သွားပြီးတော့မှ အဲဒီမှာ လူတွေကို ချပြီးတော့မှ ကောလိပ်ထဲကနေ ဖြတ်လမ်းကနေ ရှုခင်းသာဘက်ကို သွားတဲ့ ဘက်ကို ခြေလျင်နဲ့ တက်လာ တယ်။ အင်အား ခန့်မှန်းရတာက ၂၀၀ နဲ့ ၂၅၀ ကြားရှိတယ်လို့ ပြောတယ်။ စခန်းချနေတာလား၊ ထပ်စောင့်နေတာလား မသိရဘူး။ လုံးလုံးကို ပြည်သူတွေရဲ့ အမြင် မခံဘူး” ဟု CDF-CDM Siyin ပြောရေးဆိုခွင့်ရှိသူကပြောသည်။
ကလေး-သိုင်းငင်း ကားလမ်းမပေါ်က မွှလ်ပီးနှင့် အနီးပတ်ဝန်းကျင် ကျေးရွာက ဒေသခံတချို့မှာ ထွက်ပြေးတိမ်းရှောင်နေကြရသည်ဟု သိရသည်။