(006SV)
ခရီးသွားပြည်သူ ကားသမားများ၏ ထည့်ဝင်သော အလှူငွေမျာဖြင့် လက်နက် ၁၀ လက် ဝယ်ယူဖြည့်တင်းနိုင်ခဲ့သည်ဟု ချင်းပြည်နယ်မြောက်ပိုင်း တီးတိန်မြို့နယ်၊ စီးယင်းနယ်ဒေသမှာ စစ်ရေးလှုပ်ရှားနေသော CDF- CDM Siyin က သတင်းထုတ်ပြန်သည်။
ပြီးခဲ့သည့် လပိုင်းက မှာယူထားသော လက်နက်ခဲယမ်းများသည် ယခုလထဲတွင် ရောက်ရှိလာခြင်းဖြစ်ပြီး ရရှိသော ငွေကြေးများကို တော်လှန်ရေးအတွက် အကျိုးရှိစွာ အသုံးပြုသည်ကို အများပြည်သူကို အသိပေးခြင်းဖြစ်သည်ဟု CDF- CDM Siyin ပြောရေးဆိုခွင့်ရှိသူက ပြောသည်။
“အခုကျနော်တို့က ပြည်သူတွေ၊ ကားသမားတွေဆီက ရထားတဲ့ဟာတွေက အလကားသုံးပစ်တာ မဟုတ်ဘူးပေါ့နော။ လိုအပ်တဲ့ဟာတွေ စားဝတ်နေရေးက အစ၊ ကျည်ဆန်လက်နက်ခဲယမ်းကအစ ဝယ်တယ်။ ဒီဟာတွေ ဝယ်တယ်ဆိုတာ သိရှိစေ ချင်တာပေါ့နော်” ဟု ပြောရေးဆိုခွင့်ရှိသူက ပြောသည်။
သိုင်းငင်း စစ်ဆေးရေးဂိတ်တွင် ခရီးသွားပြည်သူ ကားသမားများက ပေးလှူသော ငွေကြေးများကို စားဝတ်နေရေးအပါအဝင် တော်လှန်ရေးတွင် လိုအပ်သော နေရာများတွင် အသုံးပြုပြီး ယင်းမှ ပိုလျှံငွေများကို လက်နက်ခဲယမ်း ဝယ်ယူစုဆောင်းခြင်းဖြစ်သည်ဟု သိရသည်။
သိုင်းငင်းကျေးရွာအနီးက စစ်ကောင်စီအခိုင်အမာစခန်းကို CDF – CDM Siyin နှင့် ချင်းပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ပြီး ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၁၆ ရက်မှ စတင်၍ ထိန်းချုပ်ထားသည်။
အိန္ဒိယ – မြန်မာ အမှတ် ၂ နယ်စပ်ကုန်သွယ်ရေး လမ်းမပေါ်မှာ တည်ရှိသော သိုင်းငင်းလမ်းပိုင်းသည် ဖလမ်း- ဟားခါးလမ်း၊ ကလေး – တီးတိန်၊ ရိခေါဒါရ်လမ်း စသဖြင့် လမ်းပန်းဆက်သွယ်ရေး အချက်အချာ ကျသည်ဟု သိရသည်။
လက်နက်များဖြည့်တင်းဝယ်ယူနိုင်ရေးအတွက် ထောက်ပံ့ပေးသော ခရီးသွားပြည်သူကားသမားများကို ကျေးဇူးတင်ကြောင်း CDF-CDM Siyin က ယနေ့ ဇန်နဝါရီလ ၁၄ ရက်မှာ ထုတ်ပြန်သည်။