(006SV)
ချင်းပြည်တွင် ကိုယ်ပိုင်အုပ်ချုပ်ရေးယန္တရားကို ဖော်ဆောင်နေသည့် ချင်းလန်းကောင်စီ၊ ချင်းပြည်လွှတ်တော်နှင့် ချင်းပြည် အစိုးရအဖွဲ့တို့တွင် တာဝန်ထမ်းဆောင်ရန် ဝန်ထမ်း ၆၀ နီးပါးကို စတင်ခေါ်ယူနေကြောင်း သတင်းရရှိသည်။
ချင်းလန်းကောင်စီတွင် တာဝန်ထမ်းဆောင်ရန် ရုံးအဖွဲ့မှူးအပါအဝင် ဝန်ထမ်း (၈) ဦးကို ခေါ်ယူနေပြီး စိတ်ဝင်စားသူများ လျှောက်ထားနိုင်ကြောင်း ဖေဖော်ဝါရီလ ၁၀ ရက်စွဲနှင့်စတင်ခေါ်ယူနေခြင်းဖြစ်သည်။
“ကိုယ့်ဟာကို ရေးဆွဲပြဌာန်းတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ ကနေ ထူထောင်လိုက်တဲ့ အစိုးရ မှာ ချင်းပြည်သူလူထု တွေအနေနဲ့ လက်တွေ့ ပူးပေါင်းပေးဖို့နဲ့ အမျိုးသားတော်လှန်ရေး အောင်မြင်နိုင်ဖို့ ကိုယ်ကျရာ ကနေ ပါဝင် ဆောင်ရွက်ကြဖို့ တိုက်တွန်း လိုပါတယ်”ဟု ချင်းလဲန်းကောင်စီ၊ အထွေအထွေအတွင်းရေးမှူး ဆလိုင်းပေါ်က ဝန်ထမ်းစတင်ခေါ်ယူမှုနှင့် ပတ်သက်၍ ပြောသည်။
ချင်းပြည်လွှတ်တော်တွင် တာဝန်ထမ်းဆောင်ရန် ရုံးအဖွဲ့မှူး အပါအဝင် ဝန်ထမ်း (၅) ဦးကို စတင်ခေါ်ယူနေပြီး လိုအပ်သော ဝန်ထမ်းများ ခန့်အပ်ရာတွင် CDM ဝန်ထမ်းများကို ဦးစားပေးခန့်ထားမည်ဖြစ်ကြောင်း ချင်းပြည်လွှတ်တော်ထံမှ သိရသည်။
ချင်းပြည်အစိုးရအဖွဲ့တွင်လည်း ဝန်ကြီးချုပ်ရုံးအပါအဝင် ဝန်ကြီးဌာန (၁၅) ခု၊ ရှေ့နေချုပ်ရုံး နှင့် စာရင်းစစ်ချုပ်ရုံးတို့အတွက် ရုံးအဖွဲ့မှူး၊ စာရင်းကိုင်၊ ယာဉ်မောင်းနှင့် ဝန်ထမ်းစသည့် ရာထူးနေရာ ၄၅ နေရာအတွက် ဝန်ထမ်းများကို စတင်ခေါ်ယူနေကြောင်း ထုတ်ပြန်ထားသည်။
ချင်းပြည်၏ မဏ္ဍိုင်ကြီး (၃) ရပ်အတွက် လိုအပ်သော ဝန်ထမ်းများကို ခန့်အပ်ရာတွင် CDM ဝန်ထမ်းများကို ဦးစားပေးခန့်ထား မည်ဖြစ်ကြောင်း ချင်းပြည်အစိုးရအဖွဲ့ထံမှ သိရသည်။
ချင်းပြည်အစိုးရအဖွဲ့၏ ရက် ၁၀၀ စီမံကိန်းတွင် ဝန်ကြီးဌာနရုံးယန္တရားများ လည်ပတ်နိုင်ရေး ရုံးနှင့် ဝန်ထမ်းများ ခန့်အပ်တည် ဆောက်ခြင်း၊ ဒုတိယအချက်မှာ အုပ်ချုပ်ရေးယန္တရာများ စတင်လည်ပတ်နိုင်ရန်နှင့် ချင်းပြည်တရားဥပဒေစိုးမိုးရေးကို အကောင်အထည်ဖော်မည်ဖြစ်သည်။
တတိယဦးစားပေးမှာ ပညာရေးနှင့် ကျန်းမာရေးကဏ္ဍာကို စနစ်တကျဖြစ်အောင် ပုံဖော်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ချင်းပြည်အစိုးရအဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ နိုင်ငံခြားရေးဝန်ကြီး ဒေါက်တာရွှေခါးက ပြောသည်။
ချင်းပြည်အစိုးရအဖွဲ့ကို ဝန်ကြီးချုပ်၊ နိုင်ငံခြားရေး၊ ကာကွယ်ရေး၊ ပြည်ထဲရေး၊ ပညာရေး၊ စီမံကိန်းနှင့် ဘဏ္ဍာရေး၊ ကျန်းမာရေးနှင့် အားကစား၊ လူသားချင်စာနာထောက်ထားရေးနှင့် ပြန်လည်ထူထောင်ရေး၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး၊ အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေး၊ ဆက်သွယ်ရေးနှင့် နည်းပညာ၊ လျှပ်စစ်နှင့် စွမ်းအင်၊ လူဝန်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား၊ စိုက်ပျိုးရေးနှင့် မွေးမြူရေး၊ ဆောက်လုပ်ရေး စသဖြင့် ဝန်ကြီးဌာနများ ဖွဲ့စည်းထားသည်။